တစ်ပွင့်တည်း ကျန်ခဲ့မယ့် စက္ကူနှင်းဆီပန်းလေးရဲ့ အဓိပ္ပါယ်
ဒီဘက်ခေတ် ဒီဘက်ကမ္ဘာမှာ
ရေကြီးတယ် ငလျင်လှုပ်တယ် ရာသီဥတုဖောက်လာတယ်
အီမိုဖက်ရှင်တွေ ၀တ်စားဆင်ယင်မှုတွေ ခေတ်စားလာတယ်
မပြောင်းလဲတာ အမြဲတမ်း သစ်နေတာ ငါ့သစ္စာတရားပဲ
ကိုယ့်ဘက်မှာ ဘယ်သူမှမရှိတော့ဘူးဆိုတဲ့
အထီးကျန်နေတဲ့စိတ်နဲ့ အခန်းထဲမှာ
သောက်လက်စ စီးကရက်မှာ စိတ္တဇဟာ အငွေ့ပျံနေတယ်
နှစ်ယောက်အတူ တစ်ဘဝ
ငါကိုယ်က စိတ်ကူးယဉ်ဆန်လွန်းခဲ့တာပါကွာ
ယုံကြည်တဲ့အရာတွေ ပျောက်ဆုံးသွားတဲ့နောက် ထပ်ပြီး
ယုံကြည်စရာ တစ်ဘ၀စာ နာကျင်ခဲ့ဘူးတဲ့နောက်
နောက်ထပ် နာကျင်စရာ တစ်ဘဝ
တစ်ဘ၀စာ ဆုံးရှုံးခဲ့ဘူးတဲ့နောက် ထပ်ပြီးဆုံးရှုံးစရာ
ရှိသေးလား ရှိသင့်သေးလား ငါသိချင်နေမိတယ်
ဝမ်းနည်းနေတဲ့စိတ်ဟာ
နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးပေးလိုက်ရတဲ့
တစ်ဖက်အသင်းရဲ့ ခံစားမှုမျိုးနဲ့ပဲ ဆွေးဆွေးမြည့်မြည့်
ပြန်တွေးမိတိုင်း ထိတ်လန့် သွေး ပျက် ခြောက်ချား
မင်းမရှိတဲ့အခါ နေရာဟောင်းတွေဟာ အရင်လို အသက်ဝင်
မင်းရယ်သံတွေဟာ ငါ့ကို ခြောက်လှန့်
အချစ်အကြောင်းတွေပါတဲ့ ကဗျာ / ၀တ္ထု / ရုပ်ရှင် / သီချင်း
အားလုံးကို ငြင်းပယ် လျစ်လျူရှုပြီး
ရိုမန့်ဆန်တဲ့ ကမ္ဘာနဲ့ ဝေးတဲ့နေရာ
ငါ့အခန်းကျဉ်းလေးထဲမှာ သတိရစိတ်ဟာ အပြင်းစား မီးလျှံ
လွမ်း ဆွတ် ကွဲ အက် ကျိုး ပြတ် ကျေ မွ ကွဲ ရှ ရီ ဝေ
ငါပေးခဲ့ဖူးတဲ့ နှင်းဆီပန်းဆယ်ပွင့်ထဲက
တစ်ပွင့်တည်း ကျန်ခဲ့မယ့် စက္ကူပန်းလေးရဲ့ အဓိပ္ပါယ်လို
ပြောင်းလဲလာတဲ့ အချစ် / ခေတ် ရေစီးကြောင်းမှာ
ဘယ်တော့မှ မပြောင်းလဲတော့တာ ငါ့သစ္စာတရားပဲ
မင်း ခေတ်အဆက်ဆက် သံသရာအဆက်ဆက်
ယုံပါ
ယုံကြည်ပါ ညီမလေး ။ ။
သုမင်းညို
၂ ၇ . ၆ . ၂ ၀ ၁ ဝ
ညနေ ၇း ၀၀တိတိ
Leave a response and help improve reader response. All your responses matter, so say whatever you want. But please refrain from spamming and shameless plugs, as well as excessive use of vulgar language.