မပျော်ဘူးလို့ဖြေမယ် ဒါပေမယ့် ပျော်နေပါတယ်
မပျော်ဘူးလို့ဖြေမယ် ဒါပေမယ့် ပျော်နေပါတယ်
ပုရိသ တစ်ယောက်ယောက်က ကျွန်မကို ဒီပတ်ဝန်းကျင် ဒီအသိုင်းအ၀န်းထဲမှာ
ပျော်နေလားလို့မေးခဲ့ရင် မပျော်ပါဘူးရှင်ရယ်ဆိုတာ ကျွန်မ ဖြေဖြေနေကျစကားပဲလေ
သိစိတ်က မပျော်ပါဘူးလို့ ဖြေလိုက်မိပေမယ့် မသိစိတ်ထဲမှာတော့ သာယာမိ ကျေနပ်မိ ပျော်နေမိတယ်
ဖယောင်းတိုင်တစ်တိုင်ဟာ အပူမီးမှာပျော်သလိုလား ရေခဲတုံး နေပူမှာပျော်သလိုလား မသိပေမယ့်
ပျော်တော့ပျော်နေတာပါပဲ ဘာလို့မပျော်လဲဆိုတဲ့ နောက်ဆက်တွဲ အဖြေက ဘ၀ဆိုတာ
ဒီလိုပါပဲတို့ ပျော်ရာမှာမနေရ တော်ရာမှာ နေရဆိုတဲ့ စကားပုံတောင်ရှိသေးတာပဲ တို့ ခပ်လွယ်လွယ်
ဖြေလိုက်တာပါပဲ မလွယ်ပဲ ခက်နေတာက ဘ၀မှာအနည်းဆုံး တစ်ခေါက်ကြုံနိုင်တယ်ဆိုတဲ့
ကံကောင်းခြင်း အခွင့်အရေး အခွင့်အလမ်းပဲ အဲဒါလေး လက်ဆုပ်ကိုင်မိတဲ့တစ်နေ့တော့
ကျွန်မဒီပတ်ဝန်းကျင်ထဲက ရုန်းထွက်ကောင်း ရုန်းထွက်ဖြစ်လိမ့်မယ်ထင်တယ် သိပ်တော့လည်း
မသေချာမှုတွေထဲက တစ်ခုခုပါပဲလေ ကျွန်မလည်း တစ်ချိန်ချိန်တော့ မိခင်စိတ်ထားပြီး သားမွေး
သာယာတဲ့အိမ်ထောင်လေးတစ်ခုတည်ထောင်ပြီး ဘ၀ကို ကြည်နူးစွာဖြတ်သန်းချင်သေးတာပေါ့လေ
ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတတ်ဘူးလို့ဆိုလိုက်ရင် ကျွန်မက အရမ်းကို ပျော့ညံ့တဲ့
စိတ်မခိုင်တဲ့ မိန်းမသားတစ်ယောက်ရဲ့ အကောင်းဆုံးဆင်ခြေများ ဖြစ်သွားမလားမသိဘူးနော်
သေချာတာကတော့ အဆင်မပြေလည်း ပြေရမယ် မပျော်လည်းအတတ်နိုင်ဆုံး ကျွမ်းကျင်စွာ
ပျော်ချင်ယောင်ဆောင်ရမယ် မရယ်ချင်လည်း ဆွဲဆောင်အားပြင်းစွာ ရယ်မော ညှို့ယူနိုင်ရမယ်
ကျွန်မရတဲ့လစာလား ကျွန်မသုံးရတဲ့နှုတ်ခမ်းနီဖိုးတို့ ၀င်လာတဲ့ ခေါ်ဆိုမှုတွေကို ပြန်အီရတာတို့
အမြဲဝတ်ရတဲ့ လိင်ဆွဲဆောင်မှုအပြင်စား အ၀တ်စားဖိုးတွေတောင် မ၇ှိပါဘူး ဒါပေမယ့် တိုးတက်
ခေတ်မီနေတယ်ဆိုတဲ့ ဂလိုဘယ်ခေတ်ကြီးဆိုတာရယ် ဂုဏ်သရေရှိတို့ မျက်နှာဖုံးစွပ်ဆိုတာတွေကိုတော့
ကျွန်မ အဝေးကြီးမှာ ချန်ထားမေ့ပြစ်လှောင်ရယ်ရဲတယ် သိလား တစ်ယောက်ယောက်ကမေးလာရင်
မပျော်ဘူးလို့ ဖြေလိုက်မယ် ဒါပေမယ့် ကျွန်မ ပျော်ပါတယ် ။ ။
သုမင်းညို
၂ ၁ . ၄ . ၂ ၀ ၁ ၁
၁ ၁း ၄ ၅ နာ ရီ
ပြင်ဦးလွင်မြို့နယ်
September 25, 2011