ဖြူနီပြာဝါ

Posted On August 30, 2009

Filed under Uncategorized

Comments Dropped leave a response

အနီနဲ့အဝါပေါင်းရင် လိမ္မော်

အဝါနဲ့အပြာပေါင်းရင် အစိမ်း

အပြာနဲ့အနီပေါင်းရင် မရမ်း ခရမ်း

လူ့ဘဝလမ်းတွေက နက်မှောင်သောကတ္တရာများ

ညီလေးရေ

မင်းတို့မြို့မှာ စိမ်းပုတ်စိမ်းရွှင် ဘဲခေါင်းစိမ်း ဆိုင်ကယ်တွေရှိသလို

မော်ဒယ်စိမ်းရောင်နဲ့ ခေတ်ပေါ်အမျိုးသမီးတွေရှိသလို

မင်းခွဲသွားတဲ့ ရွာလေးမှာ စိမ်းလဲ့လဲ့ပျိုးစပါးတွေ ရှိတယ်

စိမ်းဖန့်ဖန့် မြက်ခင်းတွေ့နဲ့ ဆင်ခြေလျောပြေပြစ်တဲ့ တောင်ကုန်းတွေရှိတယ်

သံလွင်စိမ်းရောင် တောတောင်တွေရဲ့အလယ်မှာ

ဖက်ဖူးစိမ်းလေးတွေနဲ့ စိမ်းနုနုရွက်သစ်တွေရှိတယ်

ညိုပြာညက်မလေးတွေရဲ့ ပန်းနုရောင်အလှတွေရှိတယ်

ကျစ်လစ်မာကြောတဲ့ အုတ်ကျိုးရောင် ငါ့လက်ဖျံရိုးတွေရှိတယ်

မင်းတတ်တဲ့ပညာနဲ့ မြို့ကြီးကို အံတုနေရသလို

ငါ့မှာ ဆင်ဆွယ်ရောင်နွားနှစ်ကောင်နဲ့ လောကကြီးကိုအံတုနေရတယ်။

ဖြူဖွေးနေတဲ့ အတွေးအခေါ်ဟာ သန့်ရှင်းမှန်းငါသိပါရဲ့

ဖြူဆွတ်နေတဲ့ စိတ်ထားကို ငါဝတ်ဆင်ဖူးပါရဲ့

အခုတော့ ဖြူဖပ်ဖြူရော် ဖြူဖျော့ဖျော့နဲ့ အင်္ကျီလေးစုတ်ပြဲခဲ့ပြီ

အဆုပ်လိုက် အခဲလိုက်ပွင့်နေတဲ့ တိမ်ဖြူတွေဟာ

မည်းမှောင်နက်ပိန်းခဲ့ရပြီ

ဖြူစပ်စပ် ဆီးနှင်းတွေ အရည်ပျော်ပြီး

ဖြူမှုန်မှုန် နှင်းမိုးတွေ ဂေဟစနစ်ထဲလွဲမှားသွားတဲ့အခါ

ဖြူတူတူ ငါ့စိတ်ကူးတွေ ကွဲကြေမွခဲ့ပြီ။

နေရောင်တောက်တောက်တွေ ငါ့အသားပေါ် အတားအဆီးမဲ့ ရောက်လာတဲ့အခါ

ငါ့အသားတွေ နီရဲရဲ နီစပ်စပ် အက်ကွဲတော့မှာ ငါသိတာပေါ့

တောင်ယာမီးခိုးတွေ ဝေ့ဝိုက်နေတဲ့အခိုက်

ခဲရောင်လွင်လွင် ပြာမှုန်တွေ လွင့်တက်နေတဲ့ ခဏ

အရာရာကိုငါမေ့ထားတယ်

ကမ္ဘာ့လေထုကို ငါမေ့ထားတယ်

နာဂစ်ဆိုတာကြီးကို ငါမေ့ထားတယ်

ဇွန်လအထိ ပွင့်နေတဲ့ ပိတောက်ဝါဝါတွေကိုမေ့ထားတယ်

နီတွတ်နေတဲ့ ငါ့ကျောပြင်ကိုမေ့မရလို့

နီတာရဲ ငါ့သားလေးငိုသံကို မေ့မရလို့

နီကြင်ကြင် နီစွေးစွေး မြေယာကို တူးဖော်ပြီး

နီတာလံထွန်ခြစ်တွေနဲ့ နီကြင့်ကြင့်စွတ်ကြောင်းတွေဖော်

ခဲ့

ဝမ်းတထွာအတွက် ငါ့သားလေးဆေးဖိုးအတွက်

ငါ့မျိုးဆက်ပညာရေးအတွက်

ငါ့အိပ်မက်တွေ နီနှမ်းနှမ်းပါကွယ်

နီဖန့်ဖန့်မျှော်လင့်ချက်တွေ ဆုပ်ကိုင်ပြီး

ငါဟာပြာလွင်လွင်ကောင်းကင်ကြီးကို မော့မော့ကြည့်မိရုံ။

ပြာနှမ်းနှမ်းဖြစ်နေတဲ့ ငါ့နှုတ်ခမ်းအရောင်

ပြာမှိုင်းမှိုင်းဖြစ်သွားတဲ့ ပြာရင့်ရင့်ပုဆိုးလေး

အပြာရောင်လဲ့လဲ့လေးတွေ သိပ်ကြိုက်တဲ့ ငါ့ခံစားမှုအတွက်

စိုက်ထားခွင့်ရတဲ့ စိန်ပန်းခရမ်းပြာပင်လေးအပြင်

လေမှာလွင့်နေတဲ့ မိုးပြာရောင် စိတ်ကူးတွေထဲမှာ

ငါ့ပင်လယ်ဟာ စိမ်းပြာရောင် မဖြစ်နိုင်မှန်းငါသိပါရဲ့

မဲနယ်ပြာပုံးထဲ ထည့်လိုက်ရုံနဲ့

ငါ့အင်္ကျီလေး အပြာနုရောင် ပြန်ဖြစ်မသွားနိုင်မှန်းလည်းသိပါရဲ့။

ညီလေးရေ

ဝါကြန့်ကြန့် ငါ့ခြေသည်းလက်သည်းတွေ ဝါတောက်တောက်ဖြစ်လာ

ငါ့အသည်းရောင် အသားဝါရောဂါနဲ့

ပြောင်းရင့်ဝါတာတာတွေ့ရဲ့ ရောင်ပြန်ဟာ

ငါ့အိမ်ထရံတွေကို ဝါဖန့်ဖန့် ရွှေအိုရောင်လက်စေတဲ့အပြင်

ကြောင်လေးရွှေဝါအတွက်လည်း ထမင်းနဲ့ဟင်းဖြစ်စေရမှာပေါ့

သားအကြီးကောင်ရဲ့ ပိတောက်ခြောက်ရောင်လွယ်အိတ်လေး

ဝါညက်ညက်သမီးအလတ်ရဲ့ ဝါဖျော့ဖျော့ဂါဝန်လေး

နှစ်တွေကြာလို့ ဝါညစ်ညစ်ဖြစ်သွားတဲ့ အိပ်မက်တွေအားလုံး

ပြောင်းစေ့ချွေစက်ရဲ့ဘေးမှာ

အရာရာသစ်စေရမယ်လို့ ငါယုံကြည်မိတယ်

ညီလေးရေ မင်းကြည့်နေတဲ့ ကြယ်တွေလို

ငါ့ကိုယ်ကျင့်တရားအသွေးအရောင်လေး

နီရာမှပြာ ပြာရာမှဝါ ဝါရာမှဖြူ ဖြူရာမှဖွေးပါစေတော့။

မြတ်ဝေ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s