လူငယ်တစ်ယောက်နဲ့အနာဂတ်ကဗျာ(ကဗျာရှည်)

Posted On October 10, 2009

Filed under Uncategorized

Comments Dropped one response



(၁)

အလင်းတစလို

ငါ့အခန်းဆီ ငါ့ဘဝဆီ

သွယ်တန်းဖြာကျလာတဲ့ အဆင်မပြေမှုတွေနဲ့

အမှောင်ထဲပြုတ်ကျနေတဲ့ စိတ်ကို

ခဏ ခဏ ဆွဲယူနေရတယ်

မြို့ပြငွေ့အသက်တွေ့နဲ့တစ်နေရာ

ငါ့အခန်းလေးထဲမှာ

မငြိမ်သက်တဲ့အတွေးတွေနဲ့

တစ်ယောက်တည်း ငြိမ်သက်နေ

ငါ့အခန်းလေးလည်း ငါ့ဘ၀လို

တိတ်ဆိတ် ခြောက်သွေ့လို့ …။

တီးခတ်သီဆိုမိတဲ့

လူငယ်ဘဝ ဂီတတွေက နာကျင်စရာ

ရေးလက်စ ကဗျာက ဝေဒနာ အရေးအသား

မရေရာမှုတွေနဲ့

ငါတို့ အနာဂတ်တွေဟာ ဝေ၀ါးလို့ …။

တိုက်ခတ်လာတဲ့ မြို့ပြလေစိမ်းထဲ

လွင့်နေတဲ့ အဓိပ္ပါယ်တစ်ခုလို

လူငယ်ဘဝနေ့စွဲတွေနဲ့

ကံကြမ္မာဆိုတာ

ညှိယူမရတော့တဲ့ အဖြစ်အပျက်တစ်ခု

ဒါမှမဟုတ်

အသံထွက် ညံ့နေတဲ့၊ မှားနေတဲ့ ဂီတ …။

ငါ့အခန်းလေးအပြင်

ပတ်ဝန်းကျင်ကို ငေးကြည့်မိတိုင်း

ငါ့မှာ

အဆိုးမြင်မှုတွေက များသထက်များများလာ…။

နှစ်ဆယ့်တစ်ရာစု ၊ နည်းပညာနဲ့

ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးထဲ

ရန်ကုန်ဟာ

ရွေ့မြဲရွေ့နေတဲ့ ရထား

နေသားမကျမှုတွေနဲ့

ငါတို့ဘဝကို တင်ဆောင်ရွှေ့လျားလို့ …။

ဒဏ်ရာနဲ့

ကျန်ခဲ့တဲ့ ရှုမျှော်ခင်းတစ်ခုလို

အတိတ်တွေဆီငေးရီ ကြည့်မိတိုင်း

ငါ့အလွမ်းနဲ့ ကျားကန်ထားတဲ့

မိုင် ၄၀ဝ ကျော် အကွာအဝေးက

အမေ့အိမ်လေးကို

အဝေးပြောနဲ့ပဲ ခေါ်ဆိုနေခဲ့ရ …။

မြို့ပြမှာ

နွေးထွေးမှုဆိုတာ

ဆက်သွယ်မှု ဧရိယာပြင်ပဆိုတာနဲ့

တပ်ဆင်ထားခြင်းမရှိသေးပါ ဆိုတာနဲ့ …။

ဖုန်းဆက်တိုင်း

အဖေက

ဘဝကို ရိုးရိုးလေးတွေးပြီး ကြိုးစားဖို့

အမေက

သူ့စကားကို ထီးတစ်လက်လို

အမြဲဆောင်ထားဖို့ …။

အမေ့စကားကိုမေ့လျော့မိတာနဲ့

ရန်ကုန်သူတွေရဲ့

အငြိုးနဲ့ရွာတဲ့ မိုးမှာ

ငါ့ဘဝတစ်ခုလုံး

ဒဏ်ရာ အနာတရတွေ ရွှဲစိုသွားတော့တာပဲ …။

မင်းပြောနေကျ

ငါက ကဗျာဆရာ

စိတ်ကူးယဉ်မှု များများနဲ့

မရေရာသော အနာဂတ်ရှိသူ

ငါလက်တွေ့ကျကျ ဖြတ်သန်းနေရတဲ့

ပတ်ဝန်းကျင်တစ်ခုကို ဘဝတစ်ခုကို

မင်းက

လျစ်လျူရှူ ထားလိုက်တော့

နားလည်မှုလည်း မပေးနိုင်တော့

ငါ့အရေးအသားမှာ

နောက်ဆက်တွဲ နေထိုင်မှုတွေများလာတယ်…။

ကဗျာဆရာဆိုတဲ့ အတိုင်းပဲ

စကားတွေ အရမ်းတတ်တာပဲ သိလားတဲ့

အဲဒီလို

မင်းပြောနေချိန်မှာ

ငါက

ဘာအဓိပ္ပါယ်မှ မဖွင့်ဆိုနိုင်သေးသူ

လူငယ်တစ်ယောက်လို

ငါ့ ကိုယ်ငါ မြင်မိတယ်

မင်းအမြင်နဲ့ ငါ့အမြင် တစ်လွဲ တစ်ကမ္ဘာစီခြားလို့

တဖြည်းဖြည်း

ပေါ်ပင် ၊ ဖန်စီအရေးအသားတွေနဲ့

အတုအယောက်တွေဟာ တန်းဖိုးကြီးလာတယ်

လူကြိုက်အများဆုံး ဖြစ်လာတယ်။

ခေတ်သစ်ကြီးထဲမှာ

ချစ်ခြင်းမေတ္တာကလွဲရင်

ကျန်တာ အားလုံး ဈေးကြီးပေး ဝယ်ယူနေခဲ့ရ ။

(၂)

မြို့ပြထဲ

အဆင်မပြေမှုဟာ

နေရာမရွေး ပေါက်ရောက်ရှင်သန်လို့

ငါတို့ ဘော်ဒါတွေ

အဆင်မပြေမှုတွေထဲ

အဆင်ပြေအောင် ဆန်တက်ရွေ့လျားလို့ …။

ငါတို့

ညီကိုသူငယ်ချင်းကဗျာဆရာတွေ

ဒဏ်ရာ ကိုယ်စီ အဓိပ္ပါယ်အမျိုးမျိုးနဲ့

တစ်ယောက်တစ်နေရာစီ

လွင့်ဝဲ ပျံ့ကျဲလို့ …။

ဝေးကွာနေမှုမှာ

သတိတရဆိုတာ

လိုင်းအမိဆုံး ဖုန်းနံပါတ်တစ်ခု

တစ်ယောက်နဲ့ တစ်ယောက် အမြဲဆက်သွယ်လို့

ကဗျာနဲ့သတ်သက်လာရင်

အသံထွက်တွေ ကြည်လင် ပြတ်သားလို့ …။

ငါတို့ ကိုယ်စီမှာ ဒဏ်ရာ

ငါတို့ ကိုယ်စီမှာ ယုံကြည်ချက်တစ်ခု

ငါတို့ သွေးတွေနဲ့

ခေတ်ပေါ်ကဗျာကို အသက်ဆက်ဖို့

အဲဒီလို ယုံကြည်ချက်တစ်ခုနဲ့

ပစ်မှတ်တစ်ခုတည်းမှာ စူးနစ်စိုက်ဝင်

တဖြည်းဖြည်းနဲ့ သိသိလာတယ်

ငါတို့ရဲ့

ရွေ့လက်စ လမ်းမရှည်ကြီးပေါ်မှာ

တစ်ချို့တွေက

ပြတ်ကျကျန်ရစ်ဖို့

အကောင်းဆုံးအခြေအနေ အရပ်ရပ်တွေနဲ့

လမ်းတစ်ဝက်မှာ သွေးလန့်ခြောက်ခြားနေပြီဆိုတာ။

ကြောက်မတ်ဖွယ်ရာ

လမ်းခွဲတွေ အများကြီးနဲ့ ခေတ်ပေါ်ကဗျာ

တစ်ချို့က

အချိန်မရွေး ပြုတ်ကျသွားနိုင်တဲ့ အန္တရာယ်တွေနဲ့

အစွတ်းတစ်ဖက်ကို

ရပ်တည်ဆုပ်ကိုင်လို့ …။

ကဗျာနဲ့မဆိုင်တဲ့ အကြောင်းအရာတွေရောရင်

ကဗျာရဲ့ အရသာဟာ ပေါ့ပျက်သွားမှာပဲလို့

ငါက

ခေတ်ပေါ်ကဗျာကို ဒီလိုမြင်တယ် …။

ခေတ်ပေါ်ကဗျာတွေနဲ့

မြို့ပြလမ်းမရှည်ကြီးပေါ်မှာ

ရှေ့က မြင်ကွင်းကို အာရုံထားနေရသလို

နောက်ကိုလည်း သတိထားရွေလျား

ရှေ့ နောက် ဘေး ဘယ် ညာ

ရုတ်တရက်

ကိုယ်ကိုယ်တိုင် အလွယ်တကူ ပျောက်ဆုံးသွား နိုင်တဲ့နေရာ

အတွေးတစ်ချက်လွဲလိုက်တာနဲ့

တစ်ဘဝစာလုံး အကွက်ရွှေ့မှားတော့တာပဲ ။

အကွက်ရွှေ့မှားသွားတာနဲ့

ငါတို့ရဲ့ ရက်သတ္တပတ်ရုပ်ရှင်တွေ

အသံတိတ်သွားတော့တာပဲ။

ငါ့အမြင်မှာ

ဘော်ဒါအကန့်ဆိုတာ

တစ်ယောက်နဲ့ တစ်ယောက်

အပြင်းစား ယုံကြည်မှုတွေ လောင်ကျွမ်းထားဖိုနဲ့

နားလည်မှုကို အသက်လို တန်းဖိးုထားဖို့ ။

တစ်ချို့တွေရဲ့ စိတ်မှာ

ငါ့နာမည်နဲ့ အရေးအသားတွေပျက်ယွင်းလာတယ်။

တစ်ခုခုဆို

ငါ့စိတ်ဟာ

အရောင်တလက်လက်ထနေတဲ့ ဓါးသွား

အချိန်မရွေး လောင်ကျွမ်းသွားနိုင်တဲ့လောင်စာ။

အကြောင်းသိတဲ့

ဘော်ဒါတွေက တားကြတယ် ။

လျှော့သင့်တဲ့ အကြောင်းအရာတွေကို

လျှော့ပစ်လိုက်ဖို့နဲ့

လျှော်သင့်တဲ့အကြောင်းအရာတွေကို

လျှောက်ဇယားခင်းလိုက်ဖို့ ။

(၃)

ဒီလိုနဲ့ ငါ့အတွက်

လူ့အဖြစ်ကို လက်ခံရရှိခဲ့ရာ

နိုဝင်ဘာ(၁)ရက်နေ့ဟာလည်း

ပျော်ရွှင်ဖွယ်ရာမွေးနေ့ဆုတောင်းတွေနဲ့အတူ

ငါ့ဆီကို နှစ်ဆယ့်တစ်ကြိမ်မြောက်

အလည်ရောက်ရှိလာခဲ့တယ်။

ခေတ်လူငယ်တစ်ယောက်အဖြစ်နဲ့

ဖြတ်သန်းကုန်လွန်ခဲ့ရာ

အချိန်များ နေ့စွဲများ သက္ကရာဇ်များ။

“ဘဝဆိုတာ

ငါတို့ ရယ်မောဖို့ မေ့လျော့နေခဲ့တဲ့

ရယ်စရာ ဟာသ တစ်ခု””

လွန်ခဲ့တဲ့ နှစ်နှစ်လောက်ဆီက

ကဗျာဆရာတစ်ယောက်ဘဝနဲ့

ငါ့ရဲ့ အနာဂတ်နေ့စွဲတွေကို

ခပ်ညံ့ညံ့ အဓိပ္ပါယ်တွေနဲ့ကြည်တဲ့

မိန်ကလေးတစ်ယောက်ရဲ့ မျက်ဝန်းတွေကို

ဟားတိုက်ရယ်မောပစ်ဖို့

ဒီသက္ကရာဇ်တွေမှာ

ငါဟာ အသင့်အနေအထားတွေနဲ့။

ငါပြောခဲ့သလို

ငါတို့အားလုံးမှာ ဒဏ်ရာကိုယ်စီ

ငါ့ဒဏ်ရာ ရှုမျှော်ခင်းမှာ

ငါ့ကြောင့်

အရာရာ ယိုယွင်းသွားရတဲ့

မိသားစု အိမ်လေး အကြောင်းတွေနဲ့

ကဗျာဆရာတစ်ယောက်ဘဝကို

အပြည့်အဝနားလည်မှုပေးထားတဲ့

အဝေးက ငါ့မိဘတွေအကြောင်း

ရိုးသားမှုတွေဖူးပွင့်ရာ ငါ့ဇာတိရွာလေးက

နွမ်းလျဖျော့တော့နေတဲ့ မျက်ဝန်းတွေနဲ့

အနာဂတ်ပန်းလေးတွေ အကြောင်း

ငါဘာမှ ပြန်မပေးနိုင်သေးတဲ့

ငါတို့နေထိုင်ရာ ကမ္ဘာကြီးပေါ်က အကြောင်းအရာတွေနဲ့

ရှုမျှော်ခင်းဟာ ငါ့စိတ်မှာ

ပုံရိပ်တစ်ခုလို စွဲထင်ပြတ်သားဖို့

တစ်နေ့နေ့မှာ

ငါ့ဆက်စပ်မှုတွေအားလုံး

အပေါ်တွေ ကူးစက်ပျံ့နိုင်ဖို့

မြို့ပြထဲ ရုန်းကန်းလှုပ်ရှားလို့ ။

ရန်ကုန်မြို့ထဲ

မပီပြင်သေးတဲ့ ဘဝပုံရိပ်တွေဖမ်းယူနေရင်း

ရေးလက်စ ကဗျာနဲ့အတူ

ညာဟာ နက်သထက် နက်လာတယ်။

ဖြတ်ချလိုက်တဲ့ အတွေးမှာ

ငါဟာ

ကံ ကံ၏ အကျိုးနဲ့

ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ

ခေတ်လူငယ် တစ်ယောက်အဖြစ်နဲ့

ကျော်လွန် ဖြတ်သန်းခဲ့ရာ

အဖြစ်အပျက်တွေကို

မတည်မြဲမှုတစ်ခုစီ

ဦးတည် မရွေ့လျားသေးမီ

ငါကြိုးစားရေးဖွဲ့မိသောအကြောင်းအရာများ ။ ။

သုမင်းညို




Let people know what you’re up to, or share links to photos, videos, and web pages.

Advertisements

One Response to “လူငယ်တစ်ယောက်နဲ့အနာဂတ်ကဗျာ(ကဗျာရှည်)”

  1. ကလျာ

    ကဗျာရှည်တွေကို ကြိုက်တယ်။ ရေးနိုင်တဲ့ သူတွေကိုလည်း ချီးကျုးတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s