ရွက်ကြွေလမ်းမှအိမ်မက်အပိုင်းအစများ

Posted On November 15, 2009

Filed under Uncategorized

Comments Dropped one response

ရွက်ကြွေလမ်းမှအိမ်မက်အပိုင်းအစများ
(၁)
သူမနှင့်ပတ်သက်ပြီး မည်သည့်တစ်စုံတစ်ရာကိုမှ မျှော်လင့်မရတော့အောင် ပြန်တွေးမိတိုင်း တစိမ့်စိမ့်နာကျင်နေမိသည်။ သူမနှင့် အတူရှိခဲ့ဖူးသောနေ့စွဲများ သူမရယ်သံများနှင့် လှပအသက်ဝင်ခဲ့ဖူးသော ညနေခင်းအိမ်ပြန်ချိန်များ၊ သူမနှင့် ပတ်သက်ခဲ့ဖူးသောအရာရာတို့သည် အိမ်မက်ဆန်စွာ ရွေးလျား ပျောက်ကွယ် သွားပါသည်။ ကျွန်တော့်အခန်းအပြည့် သူမအရေးအသားများ၊ သူမအဖွဲ့အနွဲ့များသည် အနှောင်အဖွဲ့မဆန်အောင် ရွေးလျားပြောင်းလဲနေ၏။ ကျွန်တော့်အခန်းပြုတင်းတံခါးကို တိုးတိုက်ဝင်လာသော လေညင်းလေးကအစ၊ လေတိုက် တိုင်းကြွေကျသွားတတ်သော သစ်ရွက်အကြွေလေးများအဆုံး တိုးတိတ်နာကျင်စွာ လွဲချော်နေတတ်သည်။ သူမနှင့် ပတ်သက်ပြီး သတိရစရာ၊ မှတ်မိနိုင်စရာ၊ ခပ်များများ မရှိခဲ့သည့်တိုင်အောင် ပတ်သက်ခဲ့ဖူးသမျှ အနည်းငယ်ကပင် ထိခိုက်နာကျင်ကြေကွဲလွယ်ခဲ့သော ကျွန်တော့်အတွက် အတွေးတိုင်းတွင် နေရာယူတတ်ခဲ့ပြီး သူမပေးခဲ့သော ဒဏ်ရာများသည်လည်း ကျွန်တော့်အတွက် သေရာပါနိုင်လောက်သော ဒဏ်ရာများဖြစ်ခဲ့ပါသည်။
တစ်ခုသော နွေဦး၏တနင်္ဂနွေရက်စွဲတစ်ခု ဒါမှမဟုတ် ဖေဖော်ဝါရီ ရက်စွဲတစ်ခုတွင် သူမ ဟန်ပန်လေးနှင့် မတော်တဆ ရင်ခုန်စွဲလမ်းရာမှ စတင်ခဲ့သည်ဟု ထင်ပါသည်။ ကျွန်တော် မြတ်နိုးစွာ စွဲလန်းခဲ့ရသော သူမနာမည် “‘ နှင်း”‘ ….၊ တဖြည်းဖြည်း သူမတွင် နောက်ထပ်နာမည်တစ်ခုရှိသေးကြောင်း သိလာခဲ့သော်လည်း ကျွန်တော့်ကို ရင်ခုန်စေခဲ့သော :”‘နှင်း”‘ဆိုသည့် နာမည်လေးကလွဲ၍ စိတ်မဝင်စားတော့ပေ။ သူမ၏ ဟန်ပန်လေးကအစ သူမ၏ ဆံပင်လေးကို ချထားပုံလေးတွေမှာအဆုံး ကျွန်တော့်အတွက်သီးသန့် မှတ်သားစရာမလိုတဲ့ မှတ်စုလေးများ ဖြစ်မှန်း မသိဖြစ်လာခဲ့သည်။ တစ်ခုသော ဧပရယ် ညနေခင်း တစ်ခုတွင် ချိန်းဆိုထားရာ လှည်းတန်း မှတ်တိုင်လေးမှာ ကျွန်တော်တစ်ယောက်ထဲ သူမလာရာ လမ်းလေးကို မျှော်ငေးရီဝေရင်း နာရီကို ကြည့်ရင်းနှင့် သက်ပြင်းတွေ ခဏခဏ ချနေမိသည်။ နွေလေပူတစ်ချို့က ပြင်းထန်းစွာ တိုက်ခတ်လာ၏။ မှတ်တိုင်နားမှ ရွက်ြွေကများမှာလည်း သူမအတွက် စိုးရိမ်စိတ်နှင့်အတူ တလွင့်လွင့်ကြွေ ကျလာသည်။ သတ်မှတ်ချိန်ထက် များစွာ နောက်ကျနေသည့်တိုင်အောင် သူမနှင့်သက်ဆိုင်သည့် အရိပ်အယောင် မတွေ့သေးသော်လည်း အတွေးထဲတွင် သူမပုံရိပ်များနှင့် ပြည့်နှက်နေသည်။ သင်္ကြန်မိုးပြေးလေးက တဖြည်းဖြည်းလေးနှင့် ရွာချလာ၏။ လှည်းတန်းမှတ်တိုင်ရှေ့ ပြည်လမ်းပေါ်က မိုးရေစက် များလို စိတ်က ဟိုသည် ပြေးလွှားရွေ့လျားနေချိန်မှာ ကျွန်တော့်အတွက် အခက်အခဲဆုံးနှင့် စိတ်မရှည်ဆုံး အရာဖြစ်သည့် တစ်စုံတစ်ရာအား စောင့်ဆိုင်းခြင်းနှင့်ပတ်သက်ပြီး သူမအတွက် ပထမဦးဆုံးစိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေမိသည်။ သူမတစ်ယောက်တည်း ထီးပါပါ့မလားဆိုတဲ့ စိုးရိမ်စိတ်နှင့်အတူ သူမသည် မိန်းကလေးမို့ ထီးဆောင်လောက်ပါသည်ဟု ပြန်တွေးရင်း ရွေးလျားနေသော မိုးရေများနောက်ကို စိတ်က ရွေးလျားနေ၏။ သူမ ကျွန်တော့်ဘေးကို ရောက်လာတော့ သူမ တစ်ကိုယ်လုံး မိုးရေးများဖြင့် ရွှဲဆိုနေပြီဖြစ်သည်။
“” စောင့်နေတာကြာပြီလား”‘
“‘ ကြာပြီ”‘

ကျွန်တော် ခပ်အေးအေးပြန်ပြောမိသည်။ ထီးမပါခဲ့ဘူးလားလို့မေးတော့ သူမ ခေါင်းလေး ယမ်းပြသည်။ လှည်းတန်း မှတ်တိုင်တွင် မိုးခိုနေသူများနှင့် ပြည့်နှက်နေ၏။ လေတစ်ချက် ဝှေ့တိုက်တိုင်း သူမ တုန်ရီသွားပြီး လက်ကလေး ပိုက်ထားသည်ကို သတိထားလိုက်မိသည်။
တစ်ကယ်တော့လူ့ဘဝဆိုတာ ကြိုတင်ထင်မှတ်မထားမှုများများနဲ့ လွပ်လပ်စွာ လွဲချော်နေတဲ့အချိန် အပိုင်းအခြား၊ အကန့်အသတ်လေးတွေ ဖြစ်လိမ့်မည်ဟု ကျွန်တော်ထင်သည်။ ထိုနေ့က သူမနှင့်စကားများစွာ ပြောဖြစ်ခဲ့ပြီး သူမနှင့်ပတ်သက်သော အိမ်ပြန်ချိန်များ၊ ညနေခင်းလေးများကို မျှော်လင့်နေတတ်ပြီဖြစ်သည်။
(၂)
” အစ်ကို့ရဲ့ဧပရယ်၁၃ ရဲ့ ကိုယ်ရေးကိုယ်တာ ကဗျာကို ကြိုက်တယ်”
” ကောင်မလေးနဲ့ ပြတ်သွားလို့ ရေးထားတဲ့ ကဗျာ မဟုတ်လား”“
” မချစ်ဘဲနဲ့ ဘာလို့ “

ကျွန်တော့်ဘက်မှ ထိုကဗျာနဲ့ပတ်သက်ပြီး ဘာမှခုခံငြင်းဆိုခွင့်မရတော့အောင် တစ်ဖက်သတ် ဆန်သော စကားလုံးများစွာဖြင့် ပစ်ခတ်သွားပြီဖြစ်သည်။ ကျွန်တော့်ဘက်က အကျအဆုံးများစွာဖြင့် သူမလှည့်စားသွားချိန်တွင် သူမနှင့် ပတ်သက်ပြီး မည်သည့်စကားလုံးမှ တန်ပြန်ထွက်ပေါ်လာခြင်း မရှိတော့အောင် တိတ်ဆိတ်သွားခဲ့ပါသည်။
ထိုနေ့ညကစိတ်၏ရွေ့လျားမှုနှင့်အတူ သူမဖုန်းနံပါတ်ကိုသာနှိပ်နေမိသည်။ ဖုန်းကဆက်သွယ်မှု ဧရိယာ ပြင်ပမှာ ရောက်ရှိနေ၏။ သက်ပြင်းတွေသာ ခဏခဏခြွေချနေမိပါသည်။ ဘာရယ်ကြောင့်မှန်း မသိ သူမနှင့် ပတ်သက် သမျှ လွဲချော်မှုများကို မုန်းတီးနေမိ၏။ နောက်ဆုံးနှလုံးသားနှင့်ရင်းပြီး လွဲချော်သွားသည့်အခါ သူမနှင့် ပတ်သက်သည့် လွဲချော်မှုအားလုံးကို မြတ်မြတ်နိုးနိုး ချစ်နေမိခဲ့သည်ကို ကျွန်တော် အံဩနေမိသည်။ နောက်တစ်ရက်တွေ့ဆုံချိန်တွင် သူမမျက်နှာလေးသည် ထူးခြားမှုမရှိဘဲ အေးစက်နေသည်။
“ဘာဖြစ်နေတာလဲ ´´
“ မနေ့က ကိုယ့်ကောင်မလေးဆီ ဖုန်းဆက်လို့မရလို့ ´´
“သနပ်ခါးနဲ့ အညာသူလေးလား ´´

သူမ ရှားရှားပါးပါးဖတ်ဖူးသော နွေဦးရက်စွဲများဆိုသည့် အက်ဆေးထဲက ကောင်မလေးကို ဆိုလိုမှန်း ကျွန်တော်သိလိုက်၏။ တကယ်တော့ ထိုအကြောင်းအရာများသည် အတိတ်မှာြွေကကျ ကျန်ရစ်ခဲ့တဲ့ ရွက်ြွေကလေး များ ဖြစ်သည်။
“မဟုတ်ဘူး ကိုယ့်ကောင်မလေးက မိတ်ကပ်ပါးပါးလေးပဲလိမ်းတယ်´´
“သူက ကလေးလေးလို ဖြူစင်တော့ ဖွင့်ပြောလိုက်ရင် သူစိတ်ဆိုးသွားမှာကြောက်တယ်´´
“ဟုတ်လား ´´
`ဘယ်သူလဲဆိုတာ မမေးတော့ဘူးလား ´
`မေးပါဘူး … ဘာလုပ်ရမှာလဲ ´

သူမကို မချစ်မိရန် ကြိုးစားချိန်တွင် အချစ်ဆူးသည် ပြန်ဆွဲနှုတ်ရန် ခက်ခဲအောင် စူးနစ် စိုက်ဝင်နေခဲ့သည်။ အချစ်နှင့် အရာရာကို အလေးအနက် တန်ဖိုးထားတတ်လာအောင် သင်ပေးမည်ဟု တွေးရင်း တစ်ခုသော မိုးရာသီ ညနေခင်းလေးတွင် သူမကို ဖွင့်ပြောမိခဲ့သည်။ တကယ်တမ်းတွင် သူမ သင်ပေးသွားသော သင်ခန်းစာ များစွာတွင်သာ ကျွန်တော့်အတွက် ခက်ခဲစွာ သင်ယူနေခဲ့ရသည်။
`ကဗျာ ဆရာဆိုတဲ့ အတိုင်းပဲ … စကားအရမ်းတတ်တာပဲသိလား ´
`သင်ပေးမယ့်သူ ရှိတာကို ´
` ဘယ်သူ သင်ပေးတာလဲ ´
`နှင်း ဆိုတဲ့ ကိုယ့်ရဲ့ ကဗျာမလေးလေ ´
`ဟော ကြည့် ပြောရင်းဆိုရင်း´
` မဟုတ်ဘူးလား နှင်း´
`ဟွန့် ဟုတ်လဲ ဟုတ်ပဲနဲ့´

သူမအကြောင်း သတိတရများစွာတွင် ကျွန်တော် တစ်ခုခုပြောလိုက်တိုင်း ` ဟွန့်…ဟုတ်လဲဟုတ်ပဲနဲ့´ဟု နှုတ်ခမ်းလေးစူပြီး ပြန်ပြန် ပြောတတ်သည့် ချစ်စရာဆုံး ဟန်ပန်လေးလည်း ပါဝင်နေ၏။ သူမအတွက် နာကျင် လွမ်းဆွတ် နေရချိန်တွင် သူမပိုင် ဟန်လေးများသည် မေ့ဖျောက်မရတော့အောင် စွဲလန်းနေခဲ့ပြီဖြစ်သည်။
(၃)
ကမ္ဘာပေါ်တွင် ကောင်မလေးတစ်ယောက်ဆီမှ အဖြေကို `ချစ် ´ဟု တစ်ဝက်တစ်ပျက်ရရှိခဲ့ပြီး `တယ်´ဆိုသည့် စကားလုံးကို တဖြည်းဖြည်းမှ ရရှိဖူးသူဆို၍ ခပ်များများ ရှိနိုင်လိမ့်မည် မဟုတ်ဟု ကျွန်တော်ထင်သည်။ (တစ်ယောက်နှင့်တစ်ယောက် အဖြေပေးပုံမတူအောင် သူမကြိုးစားနေသည်လည်း ဖြစ်နိုင်ပါသည်)။ သူမနှင့် သက်ဆိုင်သမျှ ကက်သီးကပ်သက်လေးများကို ချစ်နေမိခဲ့သည်။ ထိုသို့ဖြင့် ကျွန်တော့် စနေ၊ တနင်္ဂနွေ နေ့စွဲများသည် သူမ ကိုယ်သင်းရနံ့လေးများ၊ သူမလက်ချောင်သေးသေးလေးများ ၊ သူမ မျက်ညိုဝန်းလေးများ၊ သူမရယ်သံ လွင်လွင်လေးများဖြင့် ပြည့်စုံလှပလာခဲ့ပြီး သူမရော ကျွန်တော်ပါ အချိန်၏ တိုက်စားမှုအောက်တွင် တရွေ့ရွေ့ ဖြတ်သန်းလာခဲ့ကြသည်။ ။
ကျွန်တော်တို့နှစ်ယောက်၏ ရယ်ရွှင်ဖွယ်ရာနေ့စွဲများတွင် သူမ ခဏခဏ စိတ်ဆိုးတတ်သည်။ သို့သော် သူမ စိတ်ဆိုးလျှင် ခေါင်းလေးကို ငုံ့ထားပြီး သူမ ဆံနွယ်လေးများသည် သူမမျက်နှာကို အုပ်သွားတတ်ကြောင်းနှင့် သူမကြာကြာစိတ်မဆိုးတတ်ကြောင်း သိသာလာခဲ့ရသည်။ သူမ ကြာကြာ စိတ်မဆိုးတတ်သည့်တိုင်အောင် သူမ စိတ်ဆိုးသွားသော အချိန်အခိုက်အတန့်လေးများ၊ မိနစ်လေးများကို ကျွန်တော် ယခုထိ ရင်မဆိုင်ရဲခဲ့ဘဲ၊ ရင်ဆိုင် နိုင်အောင် ကြိုးစားကြည့်ခဲ့ဖူးသည်။ တကယ်တမ်း သူမစိတ်ဆိုးသွားသော အချိန်အခိုက်အတန့်လေးများသည် ကျွန်တော် ရင်မဆိုင်ရဲခဲ့သော အချိန်လေးများ ဖြစ်လာခဲ့ပါသည်။
` …………………. ´
`အခုဘာလုပ်နေလဲ´
`အရုပ်ကလေးတွေနဲ့ ဆော့နေတာ´
`စာမေးပွဲနီးနေတာကို စာမကျက်ဘူးလား´
` လူကို ဆူမယ်ဆိုတာချည်းပဲ… မခေါ်ဘူး ´

သူမကို ဆူပြီးမှ သနားစိတ်ဝင်လာမိသည်။ (ကျွန်တော်၏ ပျော့ညံ့မှုတစ်ခုလည်း ဖြစ်နိုင်ပါသည်)။ တစ်ဖြည်းဖြည်းနှင့် ကျွန်တော်သည်လည်း သူမလက်ထဲမှ အဆော့အစမ်းခံ အရုပ်တစ်ရုပ်ဖြစ်ကြောင်း သိလာရချိန်တွင် ကိုယ့်ကိုယ်ကို သနားရန် မေ့လျော့နေခဲ့ပြီး တိုးတိတ်စွာ နာကျင်နေ ရင်မောနေမိသည်။ ချစ်ခြင်းတွင် ဆယ်သွယ်မှု ဘာသာဗေဒ စကားလုံးများ တစ်ခုမှ မလိုအပ်သည့်တိုင်အောင် သူမထံမှ ဘာသာဗေဒစကားလုံးများကို မျှော်လင့် နေမိသည်။ သူမနှင့်ပတ်သက်ပြီး မျှော်လင့်၍ မရသောအခါ အဓိပ္ပါယ်တွေသည် ဝေးဝါးပျောက်ကွယ်သွားခဲ့ပါသည်။

(၄)
သူမအကြောင်း အမှတ်တရများစွာတို့သည် မိုးရာသီ ရက်စွဲများတွင် ပျော်ဝင်နေခဲ့ပြီး သူမ၏ ထီးအနက်ရောင် ခေါက်တွန့်လေးအောက်တွင် အတူရှိနေခဲ့ဖူးသော နေ့စွဲများ၊ သူမလက်ကလေးများကို ခပ်ဖွဖွလေး ဆုပ်ကိုင်ခွင့် ရခဲ့သော မိုးရာသီညနေခင်းများနှင့် ကျွန်တော့်ရင်ခွင်ထဲတွင် သူမရှိနေခဲ့သော အိမ်ပြန်ချိန်များသည် ဆွတ်ပျံ့ကြည် နူးစရာ နေ့စွဲများဖြစ်လာသည်။ ကျွန်တော် သတိထားမိသလောက် သူမသည် သူမလက်သည်းများကို တစ်ရောင်ပြီး တစ်ရောင် ပြောင်းဆိုးတတ်ပြီး ဖိနပ်ကိုလည်း တစ်ရံပြီး တစ်ရံပြောင်းစီးတတ်သည်။ လက်သည်းကို အရောင်အမျိုးမျိုး ပြောင်းမဆိုးရန် တားကြည့်ခဲ့ဖူးသော်လည်း သူမက အနက်ရောင်၊ အစိမ်းရောင်၊ ဖက်ဖူးရောင်၊ အဝါရောင်စသည်ဖြင့် ပြောင်းဆိုးနေမြဲပင်ဖြစ်သည်။ တစ်ချိန်ချိန် ကျွန်တော့်အပေါ်ထားသော သူမချစ်ခြင်းသည်လည်း လက်သည်း ဆိုးဆေးလို သူမစိတ်တိုင်းမကျသောအခါ အရောင်ပြယ် လေလွင့်သွားလိမ့်မည်ဟု ကြိုတင် တွေးခဲ့ဖူးပါသည်။ ကျွန်တော့်အပေါ် ထားရှိသော သူမချစ်ခြင်းများ၊ အရောင်ပြယ် လေလွင့်သွားသောအခါ သူမကို တားမြစ်ရန် မကြိုးစားခဲ့တော့ပေ။
သူမဆီမှ အချစ်ဆိုသည်မှာ အဖြေမရှိသော ပုစ္ဆာကဲ့သို့ပင် ဖြစ်ပြီး သူမနှင့်ပတ်သက်သမျှ အဖြေမရှိသည့် ပုစ္ဆာများကို ရင်နှင့်ရင်း၍ တွက်ချင်နေမိသည်။
ကျွန်တော် မကွေးမြို့လေးကို ခရီးသွားသော နေ့စွဲများတွင်လည်း သူမအကြောင်း သတိတရ များနှင့်သာ ဖြတ်သန်းနေခဲ့မိသည်။ မကွေးမြို့၏ ကမ်းနားလမ်း ညနေဆည်းဆာ အကင်ဆိုင် ၊ အအေးဆိုင်များ၊ သူငယ်ချင်းများ နှင့်ရယ်မောပျော်ရွှင်ရာ ကော်ဖီဆိုင်များသည် သူမသာ ရှိနေခဲ့လျှင် ပိုမိုပြည့်စုံ လှပနိုင်လိမ့်မည်ဟု ရူးသွပ်စွာတွေးနေ မိသည်။ မန္တာလေးသို့ အိမ်ပြန်ချိန်နေ့စွဲများတွင်လည်း ကျွန်တော်က သူမ မျက်ဝန်းလေးကို သတိရနေချိန်တွင် သူမ မျက်ဝန်းလေးသည် ကျွန်တော်မဟုတ်သော အခြားကဗျာတွင် စိမ်းစိုလင်းလဲ့နေခဲ့သည်။
သူစိမ်းမြို့လေးမှ သူမရှိရာ ရန်ကုန်မြို့လေးကို ပြန်ရောက်ချိန်တွင် သူမနှင့်ပတ်သက်ပြီး သူမတို့ တက္ကသိုလ် ဝန်းထဲသို့ ပထမဆုံးရောက်ဖြစ်သည်။ အစိမ်းနုရောင် ရင်ဖုံးအင်္ကျီလေးနှင့် သူမ ဟန်ပန် မာယာအပြည့်ထည့်ထားသော သူမအသုံးအဆောင်ပစ္စည်းများ၊ pooh ရုပ်လေးများ ပါသည့် ဖောင်တိန်လေးများ၊ သူမစီးထားသော poohစာတန်းပါ ဖိနပ်လေး၊ တက္ကသိုလ် ရနံ့များနှင့် သူမရယ်သံလွင်လွင်လေးတို့သည် ဘယ်လိုမှ မေ့ဖျောက်မရတော့လောက်အောင် တရင်းတနှီးဆန်လွန်းသည်။ သူမ လက်တွေ့ ပြီးချိန်များကို သူမတို့ ရူပဗေဒဆောင်ရှေ့(ရာစုသစ်) ကန်တင်းမှ ထိုင်စောင့်နေရင်း သူမဆီမှ သူစိမ်းဆန်မှုများ၊ ကျွန်တော့်ဆီ တစ်နေ့နေ့ ပျံ့လွင့်လာနိုင်သည်ဟု တွေးနေမိသည်။ ကန်တင်းပတ်ဝန်းကျင်မှ သစ်ပင်တို့သည် လေတိုက်တိုင်း ယိမ်းနွဲ့လှုပ်ရှားနေ၏။ သူမစိတ်ကူးများသည်လည်း ယိမ်းနွဲ့လှုပ်ရှားနေနိုင်ပြီး ကျွန်တော့်အတွေးသည်လည်း ရွက်ြွေကလို တဖြည်းဖြည်း တဖွဲဖွဲ ကြွေကျနေသည်။
` မကွေးကနေ မနည်းသယ်လာရတဲ့ လက်ဆောင်နောက်တစ်ခုပါသေးတယ်´
`ဟုတ်လား…… ဘာလက်ဆောင်လဲ´
`ကို့အနားကို တိုး ပြောပြမယ် ´

သူမနားလေးကို လက်ကလေးနှင့်အုပ်ပြီး အနမ်းလက်ဆောင်ဟု ခပ်တိုးတိုးလေးပြောလိုက်သည်။ သူမခေါင်းလေးကို ငုံ့ထားပြီး ပါးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် အုပ်ထားသည့် သူမပုံစံလေးမှာ ချစ်စရာကောင်းလွန်း လှသည်။ သို့သော် သူမ၏ ချစ်စရာ ဟန်ပန်လေးများထဲတွင် မာယာခပ်များများ ပါဝင်နေကြောင်း သိနေပြီဖြစ်သည်။ ကျွန်တော်က သူမမျက်ဝန်း ညိုညိုလေးအောက်မှာ သူမရယ်သံလေးအောက်မှာ ကျဆုံးချင်သူတစ်ယောက်ဖြစ်ခဲ့ပြီး သူမသည် ကျွန်တော့်ကို နာကျင်အောင် ပြုလုပ်လှည့်စားနိုင်သော မာယာရှင် နတ်သမီးတစ်ပါးဖြစ်ပါသည်။

(၅)
` နှင်း…. ´
` ဘာလဲ ´
`နောက်ဆိုရင် ဒီလိုအိမ်ပြန်ချိန်တွေ မရှိနိုင်တော့ဘူးနော် ´
`အဲဒါနောက်မှ…အခု ကို့်ဘေးမှာနှင်းရှိနေတာပဲလေ´

ကျွန်တော်နာကျင်စွာပြုံးမိလိုက်သည်ထင်သည်။ သူမနှင့်အတူရှိသောနေ့စွဲများသည် ကြည်နူးဆွတ်ပျံ့ဖွယ် ကောင်းသော်လည်း ကျွန်တော့်အကြောင်းမပါတော့မယ့် သူမနေ့စွဲတွေကို ကြိုတွေးမိလေတိုင်း ရင်ခုန်သံဟာ တိုးတိတ်နွမ်းလျသွားပါသည်။ သူမနှင့်ပတ်သက်သည့် နေ့စွဲများသည် မသေချာမှုများစွာကို သယ်ဆောင်လာနိုင် ကြောင်း သူမမျက်ဝန်းများ၊ သူမအမူအယာလေးတွေမှ တဆင့် ဘာသာပြန်နားလည်တတ်နေပြီဖြစ်သည်။
တဖြည်းဖြည်း သူမရင်ခုန်သံသည် ရွက်ြွေကလို ဖျော့တော့လာသည်။ တစ်စုံတစ်ရာကအစ အဆင်မပြေမှု များစွာကို သူမ ဖန်တီးနေခဲ့သည်။
` နှင်း ကျူရှင်ဘယ်အချိန်ပြီးမှာလည်း ´
` ညနေဘက် ပြောင်းသွားပြီ ´
` ကို စောင့်နေရမှာလား ´
` ဟင့်အင်း ပြန်နှင့်´

ကျွန်တော် ကြိုတင် မျှော်လင့်ထားမိသော အခြေအနေများစွာကို သူမက အေးစက်မှုများစွာဖြင့် စတင်ရေးဖွဲ့နေပြီဖြစ်သည်။ သူမ အိမ်ပြန်ချိန် ညနေရီဝေများတွင် ကျွန်တော်မရှိတော့သလို ကျွန်တော့် အဆောင် ပြန်ချိန်များသည်လည်း သူမ ကိုယ်သင်းရနံ့လေးများနှင့် တဖြည်းဖြည်းဝေးကွာလာခဲ့သည်။
သူမနှင့်ပတ်သက်သည့် နာကျင်ကြေကွဲမှုများသည် ကဗျာများ၊ ရယ်သံများဖြင့် ပြန်လည်အသက်ဝင်လာခဲ့ သော်လည်း သူမကို သတိရစိတ်များသည် နေ့စဉ်နှင့်အမျှ ပန်းလို ပွင့်လန်းနေခဲ့သည်။
သူမ၏ မေ့လျော့မှုများ၊ သူမ၏ အေးစက်မှုများသည် တဖြည်းဖြည်း ပွင့်လန်း လွင့်ပြန့်လာပါသည်။ သူမနှင့် အတူရှိခဲ့ဖူးသော နေရာဟောင်းများစွာနှင့် သူမနှင့်လျှောက်နေကျ လမ်းဟောင်းလေးများကို မျှော်ငေးရီဝေ ကြေကွဲ နေမိသည်။ သူမရယ်သံလေးသည် တဖြည်းဖြည်းတိုးတိတ် ပျောက်ကွယ်သွား၏။ သူမ မရှိတော့သော ကျွန်တော့် နေ့စွဲများစွာသည် တစတစ ပူလောင်သွေ့ခြောက် အထီးကျန်လွန်းသည်ဟု ထင်နေမိသည်။
` နှင်း ကို့ကို တကယ်ချစ်ပါတယ်´
`ဒါပေမယ့်… ´

စွဲလန်းတမ်းတခဲ့ဖူးသော သူမနှုတ်ခမ်းပါးအစုံမှ နာကျင်ဖွယ်ရာ အဆိပ်သင့်စကားလုံးများ လွင့်ပြန့်လာသည်။ ပတ်ဝန်းကျင်မှ ဆူညံသံများသည် ရင်ထဲက ဆူညံသံလောက် မခမ်းနားတော့အောင် အရာရာ တိတ်ဆိတ် အေးစက် သွားသယောင်ထင်ရသည်။ စိတ္တဇ တစ်ယောက်လို ရူးနှမ်းအော်ဟစ်လိုက်ချင်မိ၏။ သူမက ကျွန်တော့်စကားလုံးများစွာ နှင့် ဝေးရာ အဝေးမှာ ကျွန်တော်သည် သူမစိတ် ကစားမှုများထဲမှ ကစားစရာအရုပ်တစ်ရုပ်ဖြစ်ကြောင်း၊ သူမ ယုံကြည်ထားသော ချစ်ခြင်းသည် သူမလက်သည်းဆိုးဆေးလို အချိန်နှင့်အမျှ အရောင်ပြယ်လေလွင့်တတ်ကြောင်း သူမမျက်ဝန်းလေးများဖြင့် ထုဆစ်ထားသော ကျွန်တော့်အိမ်မက် များစွာသည်လည်း မကြာမီ ပြိုလဲနိုင်ကြောင်းနှင့် သူမ ရယ်သံလွင်လွင်လေးများသည် တိုးတိတ်ပျောက်ကွယ်သွားနိုင်ကြောင်း ကြိုတင်သိရှိနေသော်လည်း သူမထံမှ သူစိမ်းဆန်သော စကားလုံးများ လွင့်ပြန့်လာသောအခါ သူမရဲ့ အဝေးမှာ ဝေဒနာဒဏ်ရာများစွာနှင့် တဆစ်ဆစ် နာကျင်နေမိသည်။
(၆)
အတူလျှောက်ခဲ့ဖူးသောလမ်းများ၊ အတူလျှောက်ခဲ့ဖူးသောကော်ဖီဆိုင်များ အတူရယ်မော ပျော်ရွှင်ခဲ့ကြ သော ပျော်စရာနေ့စွဲများ၊ သူမနှင့်ပတ်သက်ခဲ့ဖူးသမျှ အရာရာတို့သည် ကျွန်တော့်အတွက် အသက်မဲ့ဝေဒနာနှင့် အထီးကျန်သွေ့ခြောက်နေခဲ့ပြီး သူမ၏ ချစ်ခြင်းသည်လည်း အခြားသောတစ်ယောက်၏ ရင်ခွင်တွင် စိမ်းလန်း မွှေးပျံ့နေပေလိမ့်မည်။ ကျွန်တော့်မှာ သူမ မရှိတော့သော နေ့စွဲများစွာကို သူမရှိခဲ့ဖူးသော နေ့စွဲများအတိုင်း လွမ်းဆွတ်နေထိုင်ခဲ့ရပြီး သူမနှင့်ပတ်သက်သည့် နောက်ဆက်တွဲ နေထိုင်မှုများကို ကဗျာရေးဖွဲ့ရင်း ကုန်လွန်ဖြတ်သန်း နေခဲ့ရသည်။ ( သူမ သိနိုင်မည် မဟုတ်တော့ပါ ) ။
သူမအကြောင်း သတိတရ များစွာနှင့် နေ့စွဲများစွာကို ခက်ခဲစွာ ဖြတ်သန်းနေရသော ကျွန်တော့် အကြောင်းသည် သူမအတွက် ရယ်စရာတစ်ခု ဒါမှမဟုတ် ပျင်းရိဖွယ်ကောင်းသော ပုံပြင်လေး တစ်ပုဒ်ဖြစ်ခဲ့ပြီး သူမအကြောင်းအရာများသည် ကျွန်တော် ပြန်တွေးမိတိုင်း သွေးမတိတ်တော့သော ဒဏ်ရာတစ်ပုဒ်၊ နာကျင်စရာ သွေးဆို့နေသော ကဗျာတစ်ပုဒ်ဖြစ်ခဲ့ပါသည်။ ဇာတ်သိမ်းကို ကြိုသိပြီးသား ဇာတ်လမ်းတစ်ပုဒ်ကို ကိုယ်တိုင် ခံစား ရေးသားပြီး ဇာတ်လမ်းအဆုံးတွင် ထိုဇာတ်လမ်းထဲမှ မင်းသမီးလေးကို သတိရ တမ်းတလွမ်းဆွတ် နာကျင်နေမိပါ သည်။ တကယ်တော့ သူမသည် ကျွန်တော့် အိမ်မက်များစွာထဲမှ အိမ်မက်သစ်လေးတစ်ခုဖြစ်ပြီး ကျွန်တော့် မျှော်လင့်ခြင်းများစွာထဲမှ အတောက်ပဆုံး မျှော်လင့်ချက်တစ်ခုလည်း ဖြစ်ပါသည်။
(၇)
သူမကြောင့် မတော်တဆ ပျံ့ကျဲသွားသော ကျွန်တော့်အိမ်မက် အပိုင်းအစလေးများကို သူမနှင့်အဝေးမှာ တစ်ယောက်တည်း ဆက်စပ်နေမိတယ်ဆိုတာ သူမသိသွားခဲ့လျှင် အရင်လို ရယ်သံလွင်လွင်လေး ကြားရဦးမှာလား `ဟွန့် … ဟုတ်လဲဟုတ်ပဲနဲ့´ ဆိုတဲ့ သူမကိုယ်ပိုင်ဟန်လေး ကြားရမှာလား ဆိုတာ မသေချာတော့သော အိမ်မက်တစ်ခုဖြစ်ခဲ့ပါသည်။
သေချာသည်မှာ ကျွန်တော့် ရင်ဘတ်ထဲမှ ရွက်ကြွေများသည် သူမ နင်းလျှောက်ရန်အတွက် နာကျင်စွာ တဖွဲဖွဲ ကြေကျနေပြီဖြစ်သည်။ ။

သုမင်းညို

(၂၀0၇-0၈  နေ့စွဲများဆီသတိတရ)

Advertisements

One Response to “ရွက်ကြွေလမ်းမှအိမ်မက်အပိုင်းအစများ”

  1. ကလျာ

    အဖွဲ့အနွဲ့လေး အရမ်းလှတယ်..။ စကားလုံးတွေ နုတယ်။
    ဝတ္ထုတို ပုံစံထက် အက်ဆေးပုံစံလေး ပြောင်းရေးလိုက်ပါလား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s