ခေတ်ပြိုင် မြန်မာလူငယ်ကဗျာဆရာများနှင့် ကဗျာဒိုင်ယာလော့ဂ် အောင်ရင်ငြိမ်း

Posted On January 17, 2010

Filed under Uncategorized

Comments Dropped 2 responses

ခေတ်ပြိုင် မြန်မာလူငယ်ကဗျာဆရာများနှင့် ကဗျာဒိုင်ယာလော့ဂ် အောင်ရင်ငြိမ်း

ဖူးငုံ
ဆယ်ကျော်သက်
Teen မဂ္ဂဇင်း
ဇန်န၀ါရီ၊ ၂၀၁၀

ဒီနေ့ ခေတ်ပြိုင် မြန်မာကဗျာ အခင်းအကျင်းက အယူအဆမျိုးစုံ၊ ကဗျာ အမျိုးအစား အစုံအလင်နဲ့ ကျယ်ပြန့် ရှုပ်ထွေးလှပါတယ်။

ခေတ်ပြိုင် မြန်မာကဗျာလို့ ဆိုရာမှာ ပင်မရေစီး ခေတ်ပေါ်ကဗျာ၊ နီယို မော်ဒန်ကဗျာ၊ ဘာသာစကား ကဗျာ၊ ပို့စ်မော်ဒန်ကဗျာ၊ စမ်းသပ်ကဗျာ၊ ကောလာ့ဂ်ျကဗျာ၊ စကားပြေကဗျာတွေ အပြင် လောလောဆယ် အမျိုးအမည် ခွဲခြားလို့ မရနိုင်သေးတဲ့ တခြား ကဗျာတွေလည်း ပါဝင်နေပါတယ်။

လူငယ် ကဗျာဆရာ အများစုက ပင်မရေစီး ခေတ်ပေါ် ကဗျာကို ကျော်လွန်ဖို့ နည်းမျိုးစုံနဲ့ စမ်းသပ် ရေးဖွဲ့ နေကြပြီး မြန်မာ ကဗျာယဉ်ကျေးမှု အသစ် ပြောင်းလဲ တည်ဆောက် နိုင်ဖို့ ဟန်ပြင် နေကြတာ သတိပြုမိ ကြပါလိမ့်မယ်။ လူငယ် ကဗျာ ဆရာတွေ အနေနဲ့ ဘယ်လို သဘော ထား ခံယူချက် တွေနဲ့ ကဗျာ ရေးဖွဲ့ နေကြသလဲ။ သူတို့ဆီမှာ ကဗျာ အနုပညာနဲ့ ပတ်သက်ပြီး ဘယ်လို အယူအဆ၊ အသိအမြင်၊ အာရုံ တိမ်းညွတ်မှုနဲ့ ယုံကြည်မှုတွေ ရှိနေကြသလဲ။ သူတို့ဟာ ကိုယ်ပိုင် အတွေးအခေါ်နဲ့ ရှင်သန် နေကြတဲ့ လူငယ်တွေလား။ တခြား အယူအဆ တွေရဲ့ သြဇာ လွှမ်းမိုးမှုကို အလွယ်တကူ ခံယူ နေကြသူ တွေလား။ ကိုယ်ပိုင် အတွေး အခေါ်နဲ့ တခြား အယူအဆ ကို လိုအပ် သလို/ လိုက်လျော ညီထွေ ပေါင်းစပ်ပြီး အစဉ်အလာက သွေဖည် ခွဲထွက်တဲ့ ကဗျာလမ်း ကြောင်းဆီ ရွေ့လျား သွားကြမယ့် လူငယ်တွေလား။

ဒီနေ့ခေတ်မှာ အပြောင်းအလဲတွေက ၀င်လာမစဲ တဖွဲဖွဲပါ။ အပြောင်းအလဲတွေကို သိချင်ရင် လူငယ်တွေနဲ့ စကား ပြောကြည့်ပါ။ လူငယ်တွေကို စူးစမ်း လေ့လာကြည့်ပါ။ လူငယ်တွေ လက်ရှိ ရပ်တည်နေတဲ့ နေရာနဲ့ အာရုံ တိမ်းညွတ်မှုတွေဟာ အနာဂတ် အလား အလာကို မှန်းမျှော်မြင်သာ စေနိုင်တဲ့ ဗျူးပွိုင့် တစ်ခုပါပဲ။

ကျွန်တော် လူငယ်တွေကို တန်ဖိုးထား ယုံကြည်ပါတယ်။ အဲဒီ ယုံကြည်မှုကြောင့်ပဲ ခေတ်ပြိုင် လူငယ်ကဗျာဆရာ တချို့နဲ့ ကဗျာ ဒိုင်ယာလော့ဂ်ကို စီစဉ် တင်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။

အောင်ရင်ငြိမ်း။ ။ လတ်တလော ရေးဖြစ်နေတဲ့ ကဗျာတွေ အကြောင်းနဲ့ စကားဝိုင်း စဖွင့် လိုက်ကြရအောင်။ တခြား ခေတ်ပြိုင် ကဗျာဆရာတွေနဲ့ ကဗျာ ဖတ်သူတွေ သိရအောင်ပေါ့။

သူရနီ။ ။ ကဗျာဆိုတာ တင်းကျပ်နေတဲ့ လူ့အဖွဲ့အစည်း ထုံးတမ်း ဓလေ့တွေထဲက ခဏ ထွက်ပြေးတာပါ။ အခု အချိန်ဟာ ရာသီ အကူးအပြောင်း တစ်ခုလို ကဗျာ့စပ်ကူး မပ်ကူး ကာလကို ဖြတ်သန်းနေတဲ့ အခါလို့ ဆိုရပါလိမ့်မယ်။ လတ်တလော ကျွန်တော်ကတော့ ကဗျာနဲ့ ကဗျာဗေဒကို Hybrid လုပ်ထားတဲ့ ပုံစံလို ကဗျာတွေကို စိတ်ဝင်စား နေမိပါတယ်။

ဇော်လူစိမ်း။ ။ ကျွန်တော့် အနေနဲ့ဆိုရင် ပြီးခဲ့တဲ့ နေ့တုန်းက ကျွန်တော့်ဆီ ရိုက်ခတ်လာတာတွေ၊ ဒီနေ့ ကျွန်တော့်ဘက်က လက်ခံ ရရှိနေတဲ့ အပိုင်းတွေ၊ အဲဒါတွေ အပေါ်မှာပဲ မူတည်နေပါတယ်။ ဒါက ကျွန်တော် ရေးဖြစ်တဲ့ ကဗျာပါ။ ခပ်ကျဲကျဲပဲ။ ရေးဖြစ်ချင်မှလည်း ရေးဖြစ်တယ်။ မနှစ်တုန်းက ရေးခဲ့ တာကို မနေ့ကမှ လက်စသတ် ခေါင်းစဉ် တပ်လိုက်ရတာလည်း ရှိတယ်။ မနေ့က ရေးခဲ့တာကို ဒီနေ့ ဆွဲဖြဲပစ်လိုက်ရတာလည်း ဖြစ်နိုင်တာပဲ။ ဆိုလိုတာက ကိုယ်တိုင် စိတ်ချလက်ချ ရေးလိုက်တဲ့ ကဗျာတစ်ပုဒ်၊ ကိုယ့်အရသာကို ယုံယုံကြည်ကြည် ထည့်လွှတ်လိုက်တဲ့ ကဗျာ တစ်ပုဒ်ဟာ ရေးသူရဲ့ စိတ်ပိုင်း ဆိုင်ရာ ငြင်းပယ်မှု၊ လက်ခံမှု၊ အတွေ့အကြုံပိုင်း ဆိုင်ရာရဲ့ အတည်ပြုချက်တွေ၊ အဲသလို အဆင့် အမျိုးမျိုးကို ဖြတ်ကျော်လာပြီးမှ ဖြစ်လာတာ။

စိုးမင်းအောင်။ ။ နေ့စဉ် ဘ၀ရဲ့ အတွေ့အကြုံ၊ ပုဂ္ဂလိက ခံစားမှုနဲ့ လူ့အဖွဲ့ အစည်းအပေါ် အမြင်တွေ ပါတဲ့ ကဗျာတွေကို ရေးဖြစ်နေပါတယ်။

လင်းသဏ်ညီ။ ။ ကျွန်တော်ကတော့ ကိုယ်ပိုင် စိတ္တဇကို ဖွင့်ထုတ်ပစ် လိုက်တဲ့ ကဗျာတွေ၊ ပြီးတော့ ကဗျာ အယူအဆနဲ့ နှီးနွယ်တဲ့ ကဗျာ နည်းနည်း၊ လူ့အဖွဲ့အစည်းရဲ့ အံမ၀င် ခွင်မကျ လွဲချော် နေမှုတွေကို သရော်တဲ့ နောက်တီး နောက်တောက် ကဗျာတွေပေါ့။ လတ်တလော ရေးဖြစ်နေတာ။

မင်းသက်ဇဉ်။ ။ ကျွန်တော်က ခံစားချက်နဲ့ ကဗျာကို တည်ဆောက်တာ များပါတယ်။ တစ်ခါတစ်ရံ စကားလုံးတွေကလည်း ဆင့်ပွားပါတယ်။ ပူးတယ်။ ခွာတယ်။ ဖြတ်တောက်တယ်။ ဖြိုခွဲတယ်။ ပြန်တည်ဆောက်တယ်။ ခံစားချက် မရှိရင်တော့ ကျွန်တော်တို့ အားလုံး သေဆုံးကြမှာပဲ။ ကဗျာ သေမယ်။ စကားလုံး၊ ဘာသာ စကားတိုင်းကို ကဗျာအဖြစ် တည်ဆောက်လို့ ရတယ်။ ကဗျာ ဖြစ်ချင်မှဖြစ်မယ်။ ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာကတော့ ဖတ်သူနဲ့ ဆိုင်ပါတယ်။ ရေးသူဟာ ဖတ်တဲ့ အလုပ်ကို ရေးရင်း ဖတ်သွားတဲ့ အတွက် ဖတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

မြတ်ဝေ။ ။ ခေတ်ပြိုင် ခံစားမှုတွေကို အကောင်းဆုံး ခင်းကျင်း ပြနိုင်မယ့် ကဗျာသစ်တွေ စမ်းသပ် ရေးဖြစ်တယ်။ စကားလုံးတွေ ကစားထားတာ မရှိဘူး။ နိမိတ်ပုံ၊ သင်္ကေတတွေကို အတတ်နိုင် ဆုံးရှောင်ပြီး ကဗျာရဲ့ဟန်ချက်၊ ရှင်းလင်းနား လည်လွယ်တဲ့ ဘာသာ စကားတွေနဲ့ ကျွန်တော့် ရင်ဘတ်ကနေ နောက်ထပ် ရင်ဘတ်တွေဆီ ရောက်အောင် ထည့်ဖို့ ကြိုးစားတယ်။ အကျပ် အတည်းတွေ ကြားထဲက ရုန်းကန်နေရတဲ့ အဖြစ်၊ ဖိအားမျိုးစုံကြောင့် ရလာတဲ့ ကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု/ ဟန်ချက်ပျက်မှုတွေကို ခံစားရတဲ့ အတိုင်း ရေးတယ်။ သိမြင်တဲ့ အတိုင်းရေးတယ်။ စိတ်ကျန်းမာရေး ဆေးရုံက ဘာသာစကားတွေ၊ ပညာရပ်ဆိုင်ရာ အသုံးအနှုန်းတွေ၊ ပုံမှန် မဟုတ်တဲ့ ယုံကြည်မှု လက်ခံမှုတွေ သုံးပြီး ကဗျာ အနည်းငယ် စမ်းသပ် ရေးဖြစ်တယ်။ ပုဂ္ဂလိက ခံစားမှုတွေလည်း ပါတယ်ပေါ့ဗျာ။

အောင်ရင်ငြိမ်း။ ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ပင်မရေစီး ခေတ်ပေါ် ကဗျာနဲ့ အခုလက်ရှိ ခေတ်ပြိုင်ကဗျာ။ အဲဒီ နှစ်ခုကြားက အခြေအနေကို ပြောပါဦး။ ကဗျာ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် လာတယ်လို့ မြင်သလား။ ဒါမှမဟုတ် ဆုတ်ယုတ် ကျဆင်း နေတယ်လို့ မြင်သလား။

သူရနီ။ ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ပင်မရေစီး ကဗျာ အကြောင်းတွေကို ပြောရရင်တော့ ကျွန်တော်တို့ဟာ သူတို့ရဲ့ပခုံးပေါ် တက်ရပ်ခွင့် ရခဲ့တာပါ။ ပင်မ ရေစီး ကဗျာတွေနဲ့ နှိုင်းယှဉ် ကြည့်ရင်တော့ အခုလက်ရှိ ခေတ်ပြိုင် ကဗျာတွေဟာ ပင်မ ရေစီး ကဗျာကို တစ်စတစ်စ ချဲ့ထွင်ပြီး အကြောင်းအရာ၊ ပုံသဏ္ဌာန်၊ အမြင်သစ်၊ စီစဉ် တင်ပြပုံက စလို့ ပြောင်းလဲ လာနေတော့ ဖွံ့ဖြိုး တိုးတက် လာပြီလို့ပဲ ဆိုရပါလိမ့်မယ်။

လင်းသဏ်ညီ။ ။ ပြောင်းလဲ နေတာတော့ အမှန်ပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က မော်ဒန် ကဗျာ ရေစီးကြောင်းလိုတော့ အားကောင်းမောင်း သန် မဖြစ်သေးဘူး။ ကဗျာ အမျိုးအစားနဲ့ အယူအဆတွေကတော့ ပြောင်းလဲ တိုးတက် နေတယ်လို့ ယုံတယ်။

မင်းသက်ဇဉ်။ ။ ဒီနေ့ စာမျက်နှာတွေပေါ်က ကဗျာ တော်တော်များများဟာ ဆုတ်ယုတ်ကျဆင်း နေတယ်လို့ ထင်တယ်။
ကဗျာတွေ ထပ်နေသလိုပဲ။ ဖတ်ရတာ မွန်းကျပ်တယ်။ အိုင်နေတယ်။ တချို့ကဗျာတွေ ကျတော့ အသစ် လုပ်ထားတာ တွေ့တယ်။ ပြုလုပ်သူအတွက် အသစ်ဖြစ်တယ်။ ကဗျာဖတ်သူတွေ အတွက် အသစ် မဟုတ်ဘူး။ အရူး တစ်ယောက်လိုပဲ လုပ်ချင်တာ လျှောက်လုပ်ထားသလိုပဲ။ သစ်ရင်ပြီးရောပုံ ပေါက်နေတယ်။ ပင်မ ရေစီးဟာ တဖြည်းဖြည်း ရွေ့လျား လာပြီးနောက် ဆက်မစီးဆင်းနိုင်ဘူး။ တစ်နေရာမှာ ရေအိုင် ဖြစ်နေတယ်။ ရေအိုင်ထဲက ရေတွေကို ကိုယ့်နည်းကိုယ့်ဟန် ပြန်အသုံးချရမယ်။ တစ်ဖက်က စီးဆင်းလာတဲ့ ရေတွေနဲ့ ရောထွေး မွှေနှောက်ပစ်ရမယ်။

မြတ်ဝေ။ ။ ဖွံ့ဖြိုးမှု ရှိပါတယ်။ တချို့ကတော့ ဆုတ်ယုတ် နေတယ်လို့ ထင်လိမ့်မယ်။ အဲဒါ အမြင်ေ၀၀ါးမှုပဲ ဖြစ်မှာပါ။ အတုအယောင်တွေ များလာတဲ့ ကမ္ဘာမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အရာပေါ့။ အစစ်တွေကို အတုတွေနဲ့ ရောပြီး မြင်တယ်။ အမြင်မှာ အတုတွေ များလာတယ်။ အမြင်မှန်နဲ့ ကြည့်ရင် ဖွံ့ဖြိုး တိုးတက်မှုက အထင်းသား ပေါ်နေပါတယ်။ ခေတ်ပြိုင်အမြင်၊ ခေတ်ပြိုင် ခံစားမှု၊ ခေတ်ကတောင်းဆိုတဲ့ ဘာသာ စကားတွေနဲ့ ဖွဲ့စည်းနိုင်ခဲ့တဲ့ ခေတ်ပြိုင်ကဗျာဟာ အများကြီး ဖွံ့ဖြိုး တိုးတက်လာပါတယ်။

စိုးမင်းအောင်။ ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်နဲ့ အခု လက်ရှိနဲ့က အပြောင်းလဲကြီး ပြောင်းလဲ ကုန်ပါပြီ။ ကဗျာမှာ အရွေ့တွေ ရှိလာတယ်။ လမ်းမြွှာတွေ၊ လမ်းဆုံလမ်းခွဲတွေ အများကြီး ရှိလာတယ်။ ကျွန်တော် ကိုယ်တိုင်လည်းပဲ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကလို ချဉ်းကပ်မှု ပုံစံမျိုး မဟုတ်ဘဲနဲ့ ကဗျာအပေါ် အမြင် ပြောင်းလဲ ချဉ်းကပ်လာခဲ့တယ်၊ ရေးသားခဲ့တယ်။ ဖွံ့ဖြိုး တိုးတက်မှု ဒါမှမဟုတ် ဆုတ်ယုတ် ကျဆင်းမှု အပိုင်း ပြောရရင်တော့ ကောင်းသော ပြောင်းလဲခြင်းများလို့ ဆိုရပါမယ်။

ဇော်လူစိမ်း။ ။ ဆယ်နှစ်ကျော်ဆိုတာကို လှမ်းကြည့်ရင် မျိုးဆက် တစ်ခေါ်စာ မကတော့ဘူးဗျ။ ခပ်ပျပျလေး ဖြစ်နေပြီ။
အဲဒီတုန်းက ပင်မရေစီး ဆိုတဲ့ အနေအထားက အရောင်တူ၊ အသံတူတွေ အုံနဲ့ကျင်းနဲ့ စီးဆင်း နေခဲ့တာ။ အသင်းကြီး တစ်သင်းလိုပါပဲ။ အခု ၂၀၀၉ ပင်မရေစီး ခေတ်ပေါ်ကဗျာ ဆိုတာကတော့ ကွက်ပြီး ကြည့်ရမလို ဖြစ်နေပြီ။ လက်ရှိ အနေအထားက ကျွန်တော့် အတွက် တကယ့်ကို မရေရာတဲ့ အနေအထားပါ။ ကိုယ့်ဟာနဲ့ကိုယ် ရောရောယောင်ယောင် ဖြစ်မနေအောင် သတိနဲ့ ရပ်နေရတဲ့ အခြေအနေ။ ကျွန်တော့် အနေနဲ့တော့ ဖွံ့ဖြိုး တိုးတက်တယ်၊ ဆုတ်ယုတ်ကျ ဆင်းတယ် ဆိုတာကို သုံးသပ်ဖို့ တာဝန် မရှိပါဘူး။ ကျွန်တော်တို့ မျှော်လင့်လို့ရ တာက ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ဝေဒနာနဲ့ ကမ္ဘာ့ လူ့အဖွဲ့အစည်းက မျှဝေတဲ့ ဝေဒနာချင်း မီးခတ်မိဖို့ပဲ။ တစ်ဦးချင်းစီက ကိုယ်ယုံကြည်ရာကို လုပ်မြဲ လုပ်နေတာနဲ့တင် အလားအလာ ကောင်းနေပါတယ်။

အောင်ရင်ငြိမ်း။ ။ လူအမျိုးမျိုးဆိုတော့ အမြင် အမျိုးမျိုးပေါ့လေ။ ဒါ သဘာဝ ကျပါတယ်။ လူငယ်တွေ အနေနဲ့ရော ပင်မ ရေစီးခေတ်ပေါ် ကဗျာ လမ်းကြောင်းကို ဆက်လျှောက် နေကြဦးမှာလား။ အနာဂတ်မှာ လူငယ်တွေ ဘယ်လိုကဗျာ လမ်းကြောင်းတွေကို လျှောက်ကြမယ် ထင်လဲ။

လင်းသဏ်ညီ။ ။ ပင်မရေစီး ခေတ်ပေါ် ကဗျာကတော့ ဂီတမှာဆိုရင် ရော့ခ် သီချင်းတွေလို ဆက်လက် မျောပါနေဦးမယ်လို့ ထင်တယ်။ အနာဂတ်ကတော့ ကြိုတင် ခန့်မှန်းဖို့ ခက်တယ်။ လက်ရှိ အနေအထားနဲ့ ပြောကြည့်ရရင်တော့ ပို့စ်မော်ဒန် ဒါမှမဟုတ် နီယို မော်ဒန်ကဗျာတွေ ဆက်လက် အားကောင်းလာ လိမ့်မယ်ထင်တယ်။ ကျွန်တော်တို့ မတွေ့မြင်နိုင်သေးတဲ့ Alternative Stream တစ်ခုခု ဖြစ်ရင်လည်း ဖြစ်မှာပါ။ ဒါပေမယ့် မော်ဒန် မှာတုန်းကလို ခိုင်မာတဲ့ ကျောရိုးတစ်ခုတော့ ရှိဖို့ လိုမယ် ထင်ပါတယ်။

စိုးမင်းအောင်။ ။ အနာဂတ်ဆိုတဲ့ ရောက်မလာသေးတဲ့ အချိန်ညွှန်း စကားလုံး ပါလာတဲ့ အတွက် ကျွန်တော် ပြောရခက်ပါတယ်။ လူငယ်တွေ အနေနဲ့ ပင်မရေစီးခေတ်ပေါ် ကဗျာလမ်းကြောင်းကို ဆက်လျှောက်ကြမှာလား ဆိုရင်တော့ ယနေ့ပဲ ကဗျာ အရွေ့တွေကို ကျွန်တော်တို့ မြင်နေရပြီ ဖြစ်ပါတယ်။ ပင်မရေစီး ခေတ်ပေါ်ကဗျာ လမ်းကြောင်းကနေ ဘယ်မှမရွေ့ဘဲ ရပ်တည် ကျန် ခဲ့ချင်တဲ့ လူငယ်တွေလည်း ရှိနိုင်ပါတယ်။ လူကြီးတွေ အပါအ၀င်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်စိတ်လွတ်လပ်ခွင့်နဲ့ ကိုယ်ပါပဲ။ တစ်ခုရှိတာက ဘယ်ကဗျာ လမ်းကြောင်းကိုပဲ လျှောက်လျှောက် သီဝရီတွေ၊ နည်းစနစ်တွေ ကြား ကိုယ့်ကဗျာအနုပညာဟာ ညပ်ပိတ်သေ မနေဖို့ဘဲ အရေးကြီးပါတယ်။

ဇော်လူစိမ်း။ ။ လောလောလတ်လတ်တော့ ကိုယ့်အနေအထားနဲ့ ကိုယ်ပဲ ဆိုပါတော့။ ဒီနေ့အနေအထားကိုပဲ ရောဂါ ရှာဖွေနေရသလို ပိုက်စိပ်တိုက် ရှာနေရတယ်။

သူရနီ။ ။ ဒီကိစ္စကတော့ ခန့်မှန်းရခက်ပါတယ်။ သေချာတာ တစ်ခုကတော့ ပင်မ ရေစီးကိုတော့ ကျွန်တော်တို့ ကျော်လွန် လာခဲ့ပါပြီ။ စမ်းသပ်ကဗျာ၊ ကောလာ့ဂ်ျကဗျာ၊ နီယိုမော်ဒန်၊ L.P ဘယ်ဘက်ကို လူငယ်တွေ ပိုပြီးတိမ်း ညွတ်မလဲ ဆိုတဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဖော်ဆောင်တဲ့ မေးခွန်း အတွက်တော့ တိတိပပ ခန့်မှန်းဖို့ ဆိုတာ ကျွန်တော့် အနေနဲ့ မပြောနိုင်သေးပါဘူး။

မြတ်ဝေ။ ။ ပင်မရေစီး ခေတ်ပေါ် ကဗျာတွေကို ထိတွေ့နေရတဲ့ လူငယ်တွေကတော့ ပင်မရေစီး လမ်းကြောင်းကိုပဲ ဆက်လျှောက်ဖြစ်မှာ သေချာပါတယ်။
အနာဂတ်မှာ လူငယ်တွေ ဘယ်လမ်းကြောင်းကို ရွေးချယ်မယ် ဆိုတာကတော့ ပုံသေ ပြောလို့ မရဘူး။ ကဗျာတွေ ရွေ့နေတယ်။ လူငယ်တွေ ရွေ့နေတယ်။ ကဗျာ ဆရာတွေ ရွေ့နေတယ်။ ခေတ်က ရွေ့နေတယ်။ မိတ္တူကူး ချထားတာ မဟုတ်တဲ့ ကဗျာ လမ်းကြောင်းတွေမှာတော့ လူငယ်တွေ ပိုရွေ့မှာပါ။ ပိုလျှောက်မှာပေါ့။ ကျွန်တော် အပါအ၀င်ပေါ့ဗျာ။

မင်းသက်ဇဉ်။ ။ အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာ ရှိတယ်။ လူငယ်တွေ စိတ်ကြိုက် လျှောက်ရမယ့် လမ်းပါ။ ဒါကို တားဆီးကာကွယ် နေရင်တော့ ကျဆုံးမှာပဲ။ ဘယ်လို ကဗျာတွေ ထွက်ပေါ်လာမယ် ဆိုတာကတော့ ကဗျာတွေကို စောင့်ကြည့်ရမယ်။ ကျွန်တော်ကတော့ လူငယ် ကဗျာဆရာတွေ အားလုံးကို လွတ်လပ် စေချင်တယ်။ ဒါမှ အနာဂတ် ကဗျာဟာ အသစ် အဖြစ် လှပနိုင်မယ်။ ပင်မ ရေစီး လမ်းကြောင်းကိုတော့ ကျွန်တော်တို့ လျှောက်မှာ မဟုတ်ဘူး။ အဟောင်းဟာ ထိန်းသိမ်း ထားရမယ့် အမွေအနှစ်ပဲ။ စွန့်ပစ်စရာတွေလည်း ရှိနိုင်ပါတယ်။ ကျွန်တော် တန်ဖိုး ထားပါတယ်။

အောင်ရင်ငြိမ်း။ ။ တချို့ ကဗျာဆရာတွေက အမျိုးအစား ခွဲတာ၊ တံဆိပ် ကပ်တာကို မကြိုက် ကြဘူး။ ညီလေးတို့ သဘောထားကရော။

သူရနီ။ ။ ဟုတ်ပါတယ်။ အရင်တုန်းက ကဗျာ ဆရာတွေက သူတို့ အလုပ်ဟာ ကဗျာပဲ ကောင်းကောင်းရေးမယ်၊ အမျိုးအစား ခွဲခြား အကဲဖြတ်တာ ဝေဖန်ရေးဆရာ အလုပ် ဆိုပြီး ပုံချကြတယ်။ အခုချိန်မှာ ကျွန်တော်ကတော့ အဲဒီလို မမြင်ဘူး။ ကဗျာ ရေးသူဟာ တစ်ချိန်တည်းမှာ ကဗျာဖတ်သူ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီး ဝေဖန် အကဲဖြတ်သူလည်း ဖြစ်နေရမယ်လို့ ဆိုချင်တယ်။ အခု လောလောဆယ်ဗျာ မောင်ဖီလာ၊ ကြည်ဇော်အေး၊ စိုးမင်းအောင် အခု သူတို့ရေးတဲ့ ကဗျာတွေနဲ့ အရင် သူတို့ရေးတဲ့ ကဗျာတွေ ကွာခြားသွားပါပြီ။ သူတို့ဟာ ပင်မ ရေစီးကို ကျော်လွန်လာပြီ။ ဒါပေမယ့် ပို့စ်မော်ဒန်ဘက်လည်း မရောက်ဘူး။ သူတို့ကို ဘယ်ခေါင်းစဉ် အောက်မှာ ထားမှာလဲ။ ဘယ်တံဆိပ် ကပ်မလဲ။ ဒါတွေကို ကျွန်တော်တို့ သိချင်တယ်၊ သိဖို့ လိုအပ်နေပြီ။

မင်းသက်ဇဉ်။ ။ ကျွန်တော်က ကဗျာကို စရေးမယ်၊ ချဉ်းကပ်မယ် ဆိုကတည်းက ဘယ်လိုရေးမယ်၊ ဘယ်လိုဖြစ်ရမယ်လို့ ရည်ရွယ်ချက် မရှိဘူး။ ကျွန်တော် ခေါင်းစဉ် အောက်မှာတော့ မနေ ချင်ဘူး။ တခြားသူက တံဆိပ် ကပ်ချင် ကပ်လိမ့်မယ်။ ကပ်ပေါ့။ ကျွန်တော်နဲ့ မဆိုင်ဘူး။ ကျွန်တော်ကတော့ ကဗျာ ရေးတာပဲ။ တခြား သူမှာလည်း လွတ်လပ်ခွင့် ရှိတာပဲ။ သူမြင်တာ သူ ပြောလိမ့်မယ်။

မြတ်ဝေ။ ။ အမျိုးအစား ခွဲတာနဲ့ တံဆိပ်ကပ်တာ မတူဘူး ထင်တယ်။ အမျိုးအစား ခွဲတာတော့ ကြိုက်ပါတယ်။ တံဆိပ် ကပ်တာတော့ မကြိုက်ဘူး။ အမျိုးအစား ခွဲတာက လွယ်လွယ်နဲ့ ခွဲလို့ မရဘူး။ အချိန်ယူပြီး စောင့်ကြည့်ရ တယ်။ လေ့လာရတယ်။ ကဗျာ ဆရာတွေကလည်း အသစ်ကို အမြဲရှာဖွေပြီး ခေတ်နဲ့အညီ ပြောင်းလဲ ဖွဲ့ဆိုနိုင်အောင် အားထုတ်နေမှာ၊ မသိမသာလေး ရွေ့နေမှာ ဆိုတော့ အချိန် တော်တော်ကြာမှသာ၊ လေ့လာသုံးသပ်ပြီးမှသာ အမျိုး အစား ခွဲလို့ ရပါမယ်။ ဒါကြောင့် ကဗျာ တစ်ပုဒ်လောက် တွေ့ပြီး လေ့လာယူဆ မိတာနဲ့ တံဆိပ်ကပ် မခံချင်ဘူး။ အချိန်ယူ ဆုံးဖြတ်ပြီးမှ အမျိုးအစားခွဲတာ ကြိုက်ပါတယ်။ လွယ်လွယ်ပြောလို့ ရတဲ့ အထဲမှာ ကဗျာ မပါဘူး။ ကဗျာဗေဒ မပါဘူး။ ကဗျာဆရာ မပါဘူး။ အမြဲ ရွေ့နေပြီး မနက်ဖြန်မှာ ခုန်သွားနိုင်လို့ ဖြစ်ပါတယ်။

စိုးမင်းအောင်။ ။ ကျွန်တော့်ရဲ့ အသိဖြစ်စဉ်ထဲမှာ ကျွန်တော်က ကဗျာ တစ်ပုဒ်ကို ရေးထုတ်လိုက်တယ်။ အဲဒီ ကဗျာကို ဖတ်မိတဲ့သူက ဝေဖန်သုံးသပ်၊ အမျိုးအစားခွဲ၊ တံဆိပ် ကပ်လုပ်လာရင်လည်း ကျွန်တော်က ငြင်းမှာ မဟုတ်ဘူး။ အားလုံးဟာ သူ့လွတ်လပ်ခွင့်နဲ့ သူ ထင်မြင်ဝေဖန် အမျိုးအစားခွဲ တံဆိပ် ကပ် လုပ်နိုင်တယ်။ ကျွန်တော် အလိုတူသည် ဖြစ်စေ၊ မတူသည် ဖြစ်စေ သူ့လွတ်လပ်ခွင့်ကို ကျွန်တော် အပြည့်အ၀ နားလည် ပေးထားတယ်။ ကျွန်တော့် ဘက်ကတော့ ကျွန်တော် ကဗျာ အနုပညာ ရေးသား ပြုလုပ် ဖန်တီးသည်လို့ပဲ ခံယူထားတယ်။

ဇော်လူစိမ်း။ ။ ကြိုက်တာ မကြိုက်တာထက် ဒါက ဘာသာ ဗေဒသမားတွေရဲ့ အလုပ်ပါ။ တစ်ဦးချင်းစီရဲ့ ပင်ကို သဘာဝနဲ့လည်း ဆိုင်ပါလိမ့်မယ်။ ကဗျာ ရေးသူ အနေနဲ့ ဒါတွေ ထည့်တွက်ပြီး ကြိုက်၊ မကြိုက် ပြန်ပက်နေရရင် ကြိုးညှိ မိုးလင်း ဆိုတာမျိုးပဲ ဖြစ်နေမယ်။ ဒါပေမယ့် သေချာတာက အဲဒီ တစ်ဦးချင်းစီ ကလည်း Giordano လောက် တံဆိပ် ကပ်ခံချင်ခံလိမ့်မယ်။ အိမ်တွင်းချုပ်လိုမျိုး ကြုံသလို ဟိုဟိုဒီဒီ တံဆိပ် ကပ်တာမျိုးတော့ ခံချင်မှာမဟုတ်ဘူးဗျ။ ဟုတ် တယ်မဟုတ်လား။

လင်းသဏ်ညီ။ ။ တံဆိပ်နဲ့ကတော့ လွတ်အောင် ပြေးကြည့်ပေါ့ဗျာ။ ဘယ်လောက် ဝေးဝေးပြေးနိုင်မလဲ။ တံဆိပ်ကတော့ နောက်က ကပ်လိုက် ပါလာမှာပဲ။ ဒီတော့ သူများ အလွယ်တကူ ကပ်လိုက်တဲ့ တံဆိပ်ကို လက်ခံယူမလား၊ ကိုယ့်တံဆိပ်ကိုယ် ရွေးချယ်မလား ဆိုတာတော့ ခံယူချက်နဲ့ပဲ ဆိုင်ပါတယ်။ မလိုအပ်တော့ဘူး ဆိုရင် ကိုယ်က အလွယ်တကူ ခွာချလိုက်ရုံပဲ။ ကိုယ့်စိတ်က အဓိကပါ။ တံဆိပ်တွေကို ကြောက်လန့် နေရုံနဲ့တော့ မပြီးဘူး ထင်တယ်။ တံဆိပ်ကိုတော့ အလွယ်တကူ ကပ်ခံရမှာ သူသူကိုယ်ကိုယ် ကြောက်ကြတာပဲ။ ဒါဆိုရင် ကိုယ်ပိုင်တံဆိပ် တစ်ခုကို ရွေးချယ်ကြပေါ့။ ဖိနပ် မပါဘဲ လမ်း လျှောက်ကြတဲ့ခေတ် မဟုတ်တော့တာ သေချာတယ်။

အောင်ရင်ငြိမ်း။ ။ အခုနှစ်ပိုင်းတွေမှာ လူငယ်တွေရဲ့ ကဗျာအမြင်တွေ ပြောင်းလဲလာတယ်။ X-Generation ကဗျာ ဆရာတွေရဲ့အမြင်နဲ့Generation ကဗျာ ဆရာတွေရဲ့ အမြင်ကို နှိုင်းယှဉ် ဆွေးနွေးကြည့်ပါဦး။

စိုးမင်းအောင်။ ။ ကိုအောင်ရင်ငြိမ်းပြောတဲ့ Generation ဆိုတာကို ကျွန်တော်က ဒီလိုမြင်တယ်။ ကျွန်တော်တို့ ရှေ့က ကဗျာ ရေးနေတဲ့ သူတွေပေါ့။့ Y-Generation ဆိုတာကတော့ အခု လက်ရှိ ရေးနေကြတဲ့ ကျွန်တော် အပါအ၀င် လူငယ် ကဗျာ ရေးသူတွေပေါ့။ ကျွန်တော်တို့ ရှေ့က ရေးနေတဲ့ ကဗျာဆရာတွေ လည်း သူတို့ အမြင်နဲ့ သူတို့ ကိုယ်စီ ရှိကြပါလိမ့်မယ်။ ကျွန်တော်လည်းပဲ ကျွန်တော့်ကဗျာ အမြင်နဲ့ ကျွန်တော်ပေါ့။ လူငယ်တွေ အချင်းချင်းထဲမှာတောင်မှ မတူညီတဲ့ အမြင်တွေ ကိုယ်စီရှိကြပါလိမ့်မယ်။ ဒီလို မတူညီတဲ့ အမြင်တွေနဲ့ပဲ ကိုယ့်ကဗျာ အနုပညာကို ကိုယ်တိုင်ဖန်တီး ပြုလုပ်နေကြတာပဲ ကောင်းပါတယ်။ မဟုတ်ရင် တူညီနေတဲ့ ကဗျာတွေပဲ ကျွန်တော်တို့ ဖတ်နေရမှာပေါ့။ ကဗျာ အမြင် ဆိုတာလည်း ကိုယ့်အတွေ့အကြုံနဲ့ကိုယ် အမြဲ ပြောင်းလဲ ရွေ့နေ တာကပဲ ကောင်းပါတယ်။ ကျွန်တော်တို့ ဖတ်စာတွေထဲက အတိုင်း တစ်ထပ် တည်း လိုက်ချရေးခဲ့ ရတာတွေဟာ အနုပညာမှ မဟုတ်ခဲ့တာ။

သူရနီ။ ။ အဟောင်းကို ထိန်းသိမ်းသူနဲ့ အသစ်ကို ရှာဖွေဖော်ထုတ်သူ ဆိုပြီး ကဗျာကို နှစ်မျိုးနှစ်စား ခွဲခြားရလိမ့်မယ် ထင်တယ်။ X-Gen တွေအတွက် ကဗျာ အကြောင်းအရာကို ကျောရိုးထားပြီး ၀န်းဝိုင်း ရက်ဖောက်ရေးကြတယ်။Sensitive လည်းဖြစ်တယ်။ အခု ခေတ်ပြိုင် ကဗျာတွေမှာ တွေ့လာရတာက အကြောင်းအရာ ခံစားမှု ဆိုတာတွေကို ပိုင်းစ စိတ်မြွှာပစ်လိုက်တယ်။ X-Gen မှာတုန်းကတော့ အကြောင်းအရာကို မြင်တွေ့နေရပြီး Y-Gen မှာတော့ အကြောင်းအရာ တစ်ခုကို ပြောနေရင်း နောက်ထပ် အကြောင်းအရာ တစ်ခုက ထပ်ပေါ်လာပြန်တယ်။ ပျောက်ပျက် သွားတာတော့ မဟုတ်ဘူး။ သမားရိုးကျ နဲ့ သမားရိုးကျကို ဆန့်ကျင် တော်လှန်ပစ်လိုက်တဲ့ သဘောပါပဲ။

မင်းသက်ဇဉ်။ ။ ဘယ်မျိုးဆက် မဆိုပါ၊ အမြင်တွေကတော့ အမျိုးမျိုး ရှိတယ်။ မတူညီနိုင်ဘူး။ ပြီးခဲ့တာတွေလည်း မတူနိုင်ဘူး။ အခုလည်း မတူနိုင်ဘူး။ နောင်လည်း တူမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဖြတ်သန်းမှု အတွေ့အကြုံတွေ ကွာကြတယ်။ မျဉ်းတစ်ကြောင်းတည်း ဆွဲရုံနဲ့ ပွဲ မပြီးပါဘူး။

ဇော်လူစိမ်း။ ။ အမြင် ပြောင်းလဲလာတယ် ဆိုတဲ့ အပိုင်းမှာက ကဗျာရေးတဲ့ လူငယ်တွေ အားလုံး နဲ့တော့ ပတ်သက်မှာ မဟုတ်ဘူး။ ကျွန်တော့် အနေ နဲ့တော့ X တွေ Y တွေ သိပ်သဲသဲကွဲကွဲ မရှိဘူး။ အားလုံး လိုလိုဟာ သူ့နောက်ကျောဘက်မှာ စီးနေခဲ့တဲ့ ပင်မ ရေစီးကပဲ စီးလာခဲ့တာ။ ဖြာထွက် လာခဲ့တာ။ နောက်ထပ် ရေစီးတစ်ခု ဖြစ်လာခဲ့တာ။ ဒါက ဟို နှစ် ၆၀ နှစ် ၃၀ ကနေ ဒီပုံ အတိုင်းပဲ လေ။ အခုကရောIdea တွေ တင်သွင်းတာပဲ ဖြစ်ဖြစ်၊ မိတ်အင်ဒီတင်ပဲ ဖြစ်ဖြစ် လူငယ်တွေ လက်ခံနိုင်လောက်အောင် အချော သပ်ပေးရမှာပဲ။ လူငယ် ဆိုတာက အကျယ် ချဲ့နေမှာ မဟုတ်ဘူး။ လက်ရှိ သူ့အနေအထားနဲ့ ထိသွားရင် ဆွဲတော့တာပဲ။ အဲဒီအခြေအနေမှာ ကျွန်တော်တို့ဘက်က အကြမ်း ထည်ကြီးကိုပဲ တမြမြဖြစ်မနေချင်ဘူး။ ဘာဖြစ် လို့လဲဆိုတော့ ကျွန်တော်တို့တွေရဲ့ အမြင်တွေကို ကျွန်တော်တို့ရဲ့ Atmosphere က လွှမ်းမိုးနေတယ်။ ဒါတွေကပဲ ကျွန်တော်တို့ရဲ့ ပြုလုပ်ပုံ ပြုလုပ်နည်းတွေကို ပုံသွင်းကြတာပဲ။ ဒါက ခေတ်အဆက်ဆက်ပဲဗျ။ အရင် လူငယ်ကဗျာ သမားတွေတုန်းကလည်း ဒီအတိုင်းပဲ ဖြစ်နေတာ။ အခု လူငယ်တွေကလည်း သူတို့ လက်ခံရရှိတဲ့ အပိုင်းပေါ်မှာ မူတည်ပြီး တုံ့ပြန်ကြတာပဲလို့ မြင်တယ်။ ဒီတော့ လူငယ်တွေက မျှော်လင့်နေတဲ့ လူ၊ အချောသပ်တွေ လိုတယ်၊ အကြမ်းထည်က အန္တရာယ်ကြီးမယ် ထင်တယ်။

လင်းသဏ်ညီ။ ။Generation မတူပေမယ့် ကဗျာ အယူအဆ တူနေကြတာတော့ ရှိမှာပဲ။ အနီးစပ်ဆုံး ဖြတ်သန်း နေရတဲ့ ကာလ အပိုင်းအခြား တစ်ခုအရ ပေါ့။ ဒါပေမယ့် Life Style ကို လိုက်ပြီး ပြောင်းလဲ လာတဲ့ ကဗျာတွေ အပေါ်ကျတော့ အမြင်ချင်း မတူနိုင်ကြတော့ဘူး။ လွန်ခဲ့တဲ့ နှစ်ကာလတွေနဲ့ မတူညီတော့တဲ့ အခြေအနေတွေ အပေါ်လိုက်ပြီး ကဗျာဆရာ လူငယ်တွေရဲ့ လူနေမှု ပုံစံပြောင်း တယ်။ ကဗျာပုံစံပါ ပြောင်းတယ်။ ကဗျာဗေဒ အမြင်တွေ ပြောရင်တော့ ရှည်လျား ထွေပြားသွား လိမ့်မယ် ထင်တယ်။

အောင်ရင်ငြိမ်း။ ။ X-Generation ကဗျာ ဆရာ အများစုက ကဗျာ အနုပညာ ဖန်တီးမှုသက်သက် လုပ်ဖို့ပဲ အားသန်ကြတယ်။ Poetic တွေ Ideology တွေပြောဖို့ သိပ်စိတ်မ၀င်စားကြဘူး။ ဒီနေ့ Y-Generation ကဗျာဆရာတွေရဲ့ သဘော ထားကရော။ ပြီးတော့ လက်ရှိ အာရုံတိမ်းညွတ် နေတဲ့ ကဗျာဗေဒ။

မင်းသက်ဇဉ်။ ။ ကဗျာဟာ ကဗျာလို့ပဲ နားလည် ထားပါတယ်။ သူ့အတတ်ပညာ ရှိမယ်။ နည်းပညာ ရှိမယ်။ ဈာန်ဝင်စားမှု ရှိမယ်။ အာရုံ ခံစားမှုတွေ ရောထွေးနေမယ်။ ရှင်းလင်းနေမယ်။ ကဗျာရေးချင်စိတ် ရှိမယ်။ လက်ရှိကဗျာ ချရေးမယ်။ တစ်ခုခုနဲ့ ငြိစွန်းပြီး ကဗျာကို ချရေးလိုက်တယ် ဆိုရင်ပဲ ပြုလုပ်သူရဲ့လက်ထဲမှာ ကဗျာဖြစ်ပါတယ်။

သူရနီ။ ။ ကျွန်တော့် အနေနဲ့တော့ အခု လောလောဆယ် အဓိက ထားနေတာက နီယိုမော်ဒန်နဲ့L.P ပါပဲ။ အခု ခေတ်ပြိုင်ကဗျာတွေမှာ ပင်မ ရေစီးကို တော်လှန် ပစ်လိုက်တဲ့ တချို့ အချက်တွေကို တွေ့ရတယ်။ ကဗျာဘာသာ စကားနေရာမှာ အရပ်သုံး ဘာသာစကားတို့ ၀င်ရောက်လာခြင်း၊ ပွရောင်းရောင်း နိုင်ခြင်း၊ ဝေ့၀ိုက် မပြောတော့ဘဲ တိုက်ရိုက် ပြောလာခြင်း၊ နိမိတ်ပုံ တဖွဲ့တနွဲ့ အလင်္ကာ ဆန်မှုတွေကို လျှော့ပစ်ခြင်း၊ အပေါ်ယံ ရှပ်ယူလာတဲ့ Surface အမြင် သဘော တွေ အရင်ကထက် ပေါ့ပါးလာခြင်းတွေ ဖြစ်လာတယ်။ နောက်ပြီး ဘာသာ စကားနဲ့ အတတ်ပညာကို ထုံမွှမ်း လာကြတယ်။ အကြောင်းအရာ ရည်ရွယ် ချက်တွေကို တစ်ပါတည်း ပယ်ချ ပစ်လိုက်တယ်။ အဓိပ္ပာယ်နဲ့ မရင်းနှီးအောင် ပြုလုပ်လာတယ်။ ပရမတ္ထ သဘောကို ဂရုမမူတာတွေ၊ အဓိပ္ပာယ်ကို ဘာသာ စကားက လွှမ်းမိုး ချုပ်ကိုင်လာတာတွေဟာ ခေတ်ပြိုင် ကဗျာနဲ့ ပတ်သက်ပြီး သတိထားမိတာတွေလို့ ဆိုရပါမယ်။

စိုးမင်းအောင်။ ။ XမှာရောY မှာရောPoetic ပိုင်းဆိုင်ရာတွေ၊ Ideology ပိုင်းဆိုင်ရာတွေကို စိတ်ဝင်စားတဲ့ သူက ပြောပါလိမ့်မယ်။ ကျွန်တော့်သဘော ကတော့ ကဗျာ အနုပညာ ဖန်တီးမှု သက်သက်ပဲ လုပ်မယ်ဆိုပြီး မရှိပါဘူး။ ဒီကဗျာ စကားဝိုင်းကို လာခြင်းကလည်း ကျွန်တော် ကဗျာ အနုပညာ ဖန်တီးမှု အပြင် ကဗျာနဲ့ ပတ်သက်တဲ့ မည်သည့် ကိစ္စမဆို အပြန်အလှန် ပြောဆို ဖလှယ်ဖို့ လာခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိ အာရုံ တိမ်းညွတ်နေတဲ့ ကဗျာ့ဗေဒ ဆိုရင်တော့ သီးခြားတစ်မျိုး တစ်စားတည်း အာရုံ တိမ်းညွတ်နေတဲ့ အခြေအနေ ကျွန်တော့်မှာ မရှိပါဘူး။

လင်းသဏ်ညီ။ ။ Poetic တွေ၊ deology တွေ ကတော့ ဘယ်ခေတ်ဘယ် ကာလမှာ မဆို ပြောဖို့ စိတ်ဝင်စားသူ၊ စိတ်မ၀င်စားသူ နှစ်မျိုးလုံး ရှိမှာပဲ။ ပြောနိုင်တဲ့သူ စိတ်ဝင်စားတဲ့ သူက ပြောပေါ့။ ကဗျာတွေ အပြောင်းအလဲ လုပ်ဖို့ ကြိုးစားနေကြတဲ့ ခုလိုကာလမှာတော့ ကဗျာဗေဒတွေ အပေါ်လည်း အာရုံ စိုက်ဖို့ လိုမယ် ထင်ပါတယ်။ ကဗျာဖွံ့ဖြိုးမှုကလည်း ကဗျာချည်းသက်သက် ဖြစ်တည်လာတာလား။ သူနဲ့အတူ ခေတ်ပြိုင် အနေအထား၊ လူနေမှုစနစ်၊ ကဗျာ အယူအဆတွေပါ တွဲလျက် ပါလာသလားဆိုတာ စဉ်းစားစရာပါ။ အများစုကတော့ ကဗျာတွေသာ ရေးပြီး ကဗျာ အကြောင်း ပြောရမှာ ရွံ့ကြတယ်။ လူငယ်တွေ အနေနဲ့တော့ ပြောသင့်တယ် ထင်ရင်တော့ ပြောကြစေ လိုပါတယ်။ ကိုယ်ပြောနိုင်သလောက်ပေါ့။ ဝေဖန်ရေး ဆရာတွေကိုချည်းပဲ လက်ညှိုး ထိုးပြ
နေလို့ မရတော့ဘူး ထင်ပါတယ်။ လောလောဆယ် အာရုံ ကျနေတာကတော့ (Neo, Post and Other) နီယိုမော်ဒန်၊ ပို့စ်မော်ဒန် ကဗျာတွေထဲက တချို့။

ဇော်လူစိမ်း။ ။ ဘယ်လို သဘောသဘာဝတွေပဲ ရှိရှိ ကဗျာဆရာ ဖြစ်နေတာနဲ့တင် နီးပါတယ်။ ကွဲလွဲမှု သိပ်မရှိပါဘူး။ တစ်ဦးချင်း ကိစ္စကတော့ဗျာ လူသန်း ၅၀၀ ရှိလည်း သန်း ၅၀၀ အတိုင်းပဲ ကွဲလွဲချက် ရှိနေတာ။ ဖြစ်စဉ်အပေါ်မှာသာ သွားငြိနေကြတာ။ လူငယ်ဘက်ကနေ ပြောရရင် ကျွန်တော်တို့မှာ အသံရှိတယ်။ ဒါ ဘယ်လိုမှ နင်းခြေလို့ မရတဲ့ အသံတွေပဲ။ လူငယ် တစ်ယောက်ရဲ့ ကဗျာ ဆိုတာကလည်း အဲဒီ အသံကို ကိုယ်စား ပြုနိုင်တာပဲ။ လက်ရှိ ကျွန်တော့် တိမ်းညွတ်ချက်ကတော့ ကိုယ့်အသံကို ကိုယ်သနေရတာပါပဲ။ အများသုံးဖုန်း လိုမျိုးပေါ့။ ကျွန်တော်တို့ ကိုယ့်အသံကို ရွေ့ဖို့ ဒီကဗျာကိုပဲ ကောက်ကောက် ကိုင်နေရတာ။

အောင်ရင်ငြိမ်း။ ။ ကဗျာ အပြောင်းအလဲလုပ်ဖို့ ကြိုးစားကြတဲ့ အခါ တချို့က အနောက်တိုင်း ကဗျာ ဗေဒတွေကို မိတ္တူကူး သြဇာခံပြီး ရေးကြတယ်။ တချို့ ကတော့ ကိုယ့်ကဗျာဗေဒနဲ့ကိုယ်၊ ကိုယ့်အယူအဆနဲ့ ကိုယ်လုပ်ဖို့ စိတ်ကူး ရှိကြတယ်။ ညီလေးတို့ကရော။

မြတ်ဝေ။ ။ ကိုယ့်ကဗျာဗေဒနဲ့ကိုယ်၊ ကိုယ့်အယူအဆနဲ့ကိုယ် လုပ်ပါမယ်။ ကမ္ဘာကြည့် အနုပညာ မရှိဘူး ပြောရင် ပြောပါ။ အနောက်တိုင်း ကဗျာဗေဒ တွေကို မိတ္တူကူး သြဇာခံပြီး ရေးရမယ် ဆိုရင် မြန်မာ စကားမပြောဘူး။ မြန်မာ ကဗျာ မရေးဘူး။ မြန်မာစာပေနဲ့ အသက်မဆက်ဘူး။ အနောက်တိုင်း ယဉ်ကျေးမှုကို မယုံကြည်ဘူးဗျာ။ သူတို့ ကဗျာတွေကို ဖတ်ပါတယ်။ လေ့လာ ပါတယ်။ (လက်လှမ်းမီသလောက်ပေါ့။) ရင်ဘတ်ထဲ ရောက်မလာဘူး။ မြန်မာ ကဗျာမှာ “အသက်ဓာတ်လေး”ရှိတယ်။ မြန်မာကဗျာရဲ့ “အသက်ဓာတ်လေး”က ရင်ထဲ ၀င်ဝင်လာပြီး ကဗျာတွေ ထည့်ထည့် သွားတယ်။ မိတ္တူကူးပြီး တော့ မြန်မာကဗျာရဲ့ အသက်ဓာတ်လေး အပျက်မခံနိုင်ဘူးဗျာ။

လင်းသဏ်ညီ။ ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြပေါ့။ အနောက်တိုင်း ကဗျာ ဗေဒတွေထဲကလည်း ကိုယ်ကြိုက်ရင် ကိုယ့်အတွက် လိုအပ်ရင် ယူရမှာပဲ။ ကိုယ့်ကဗျာဗေဒနဲ့ကိုယ်၊ ကိုယ့်အယူအဆနဲ့ကိုယ် လုပ်နိုင်ရင်တော့ ပိုကောင်း တာပေါ့။ ဒါဟာလည်း ကိုယ်ပိုင် အမှတ် တံဆိပ် တစ်ခုကို ရှာဖွေတာပဲလေ။ ဆရာချောတို့ ဆရာ အောင်ချိမ့်တို့ အစောပိုင်း ကာလက မြန်မာ မော်ဒန်ကဗျာကို ဘယ်လို တည်ဆောက်ခဲ့သလဲ။ ကျွန်တော်တို့ ပြန်ကြည့်သင့်တယ်။ ကျွန်တော်တို့ ဘယ်လောက်မြင်နိုင်မလဲ။ ကျွန်တော်တို့ဆီကို ဘယ်လောက်ထိ ထပ်တွယ် လို့ရမလဲ။ ဘာတွေကို ဖယ်ထုတ်မလဲ။ ဟိုဘက်က အယူအဆတွေထဲကရော ကိုယ်နဲ့ ကိုက်ညီမယ်ထင်တဲ့ အရာတွေကို ပေါင်းစပ် ချဲ့ကားကြည့်ရင် ကျွန်တော်တို့ လျှောက်မယ့်လမ်းကို မျှော်မှန်းကြည့်နိုင်လောက်မယ် ထင်တယ်။ အခြား ပို့စ်မော်ဒန်၊L.P(Language Poetry) ကို စိတ်ဝင်စားတဲ့ လူငယ်တွေ၊ ခရေဇီ ဖြစ်တဲ့ လူငယ်တွေကတော့ သူတို့ လမ်းကြောင်း အတိုင်းသွားပေါ့။ “မြန်မာ ခေတ်ပေါ်ကဗျာသစ်”ဆိုတာတော့ ကျွန်တော်တို့ ကိုယ်တိုင် တည်ဆောက်မှ ရမယ့် လမ်းလို့ မြင်တယ်။ ကြီးကျယ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လူငယ် အချင်းချင်းကို ရည်ရွယ်ပြီး ပြောတာပါ။

စိုးမင်းအောင်။ ။ ကျွန်တော် မသိနိုင်သေးတဲ့ ကဗျာ နယ်ပယ်သစ်တွေဆီကို စူးစမ်းရင်း၊ ရှာဖွေရင်း၊ ပြုလုပ် ဖန်တီးရေးသားရင်း ကိုယ့်နှလုံးသားနဲ့ကိုယ် အသက် ရှင်ချင်ပါတယ်။ ကိုယ့်အသွေးအသားနဲ့ကိုယ် နေထိုင်ချင်ပါတယ်။ ကိုယ့်အရေပြားနဲ့ကိုယ် ဖြစ်တည်ချင်ပါတယ်။

မင်းသက်ဇဉ်။ ။ အနောက်တိုင်းက လာတဲ့ ကဗျာတွေဟာ သူ့နိုင်ငံ၊ သူ့ရေမြေ၊ သူ့လူမှု အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု တစ်ရပ်ပါ။ ယဉ်ကျေးမှုတွေဟာ လည်း ကူးစက် ရောထွေးနေပါတယ်။ ကျွန်တော်က ရှိပြီးသားတွေကို ပေါင်းစပ် ရောထွေးဖို့ အားသန်တယ်။ သူတို့ဆီက ကောင်းတယ်လို့ ထင်တဲ့ ကျွန်တော် ကြိုက်တာတွေ ယူထားတယ်။ ကိုယ့် အယူအဆနဲ့ ကိုယ်ရပ်တည်တာတော့ အပြစ် မဟုတ်လောက်ပါဘူး။

သူရနီ။ ။ အရှေ့တိုင်း၊ အနောက်တိုင်းရယ်လို့ ကျွန်တော့် အနေနဲ့ မယူဆချင်ဘူး။ အားလုံး ဖြန့်ကြက်ဖို့တော့ လိုလိမ့်မယ် ထင်တယ်။ လက်ခံတာ၊ မခံတာ တစ်ပိုင်းပေါ့။ ကိုအောင်ရင်ငြိမ်း တေး ကဗျာမှာ နီယိုမော်ဒန်(သို့) အနာဂတ် ကဗျာဆိုပြီး ရေးတာကို ကျွန်တော် ဖတ်လိုက်ရပါတယ်။ “နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ ခေတ်ပြိုင် သမိုင်းနောက်ခံ ချင်းမတူရင် အနုပညာ လက်ရာတွေနဲ့ ရုပ်ရည် သွင်ပြင်ကလည်း တူညီနိုင်စရာ အကြောင်း မရှိဘူး ဆိုတာလေ။ တကယ်လို့ တူညီနေမယ် ဆိုရင် နည်းပညာနဲ့ မိတ္တူကူး မျိုးပွားထားတဲ့ အနုပညာ တွေပဲ ဖြစ်လိမ့်မယ်”ဆိုတဲ့ စကားကို လက်ခံကောင်း လက်ခံပါတယ်။ ဒီနေရာမှာ ဆရာ မောင်ချောနွယ် ပြောသွားတဲ့ ပြည်တွင်းဖြစ် နိုင်ငံခြား အရက်ဆိုတာလေးက ဒီမေးခွန်းနဲ့ တစ်နည်း မဟုတ်တစ်နည်း ဆက်စပ်လိမ့်မယ် ထင်တယ်။

ဇော်လူစိမ်း။ ။ ကျွန်တော် အစောက ပြောသလိုပေါ့။ အချော ကိုင်ထားတဲ့ အိုင်ဒီယာတွေ ချပေးဖို့တော့ လိုတယ်ဗျာ။ အဲဒီလို မဟုတ်ရင် လူငယ် တွေ(အထူးသဖြင့် အပြောင်းအလဲ အကူးအသန်း တွေကြားထဲက လူငယ် ကဗျာရေးသူတွေ)ပဲ အမှိုက်တွေ ဖြစ်ကျန်ရစ်နိုင်တဲ့ အန္တရာယ်ရှိတယ်။ ဒါပေမယ့် ကဗျာရေးသူ လူငယ် အများစုကတော့ အခံ ကောင်းကြတယ်။ သူတို့ဓာတ်ခံနဲ့ ဒီက ရေခံ မြေခံနဲ့ ညီဖို့တော့ လိုတာပေါ့။ ကဗျာအပြောင်း အလဲဟာ ပင်မရေစီးထဲ ရောက်ဖို့ ဒါမှမဟုတ် ရေစီးအဖြစ် ဖော်ဆောင်နိုင်ဖို့ မျှော်လင့်ရင်တော့ ဒီလူငယ်တွေရယ်၊ ကဗျာကို ဖတ်ရှု ခံစားသူတွေ ရယ်၊ စာပေ အသိုက်အ၀န်းရယ် အားကောင်း ကောင်းတော့ လိုမှာပဲ။ ဒါက တင်သွင်းတာပဲ ဖြစ်ဖြစ်၊ ပြည်တွင်းဖြစ်ပဲဖြစ်ဖြစ် အပြောင်းအလဲ မှန်ကန်ဖို့ အဓိကပဲလို့ ယူဆတယ်။

(ဆက်လက်ဖော်ပြပါမည်)

အောင်ရင်ငြိမ်း
လင်းသဏ်ညီ သူရနီ
စိုးမင်းအောင် မြတ်ဝေ

Advertisements

2 Responses to “ခေတ်ပြိုင် မြန်မာလူငယ်ကဗျာဆရာများနှင့် ကဗျာဒိုင်ယာလော့ဂ် အောင်ရင်ငြိမ်း”

  1. အသည်းကွဲသူများနေ့ (သူရနီ) « Lanolay

    […] – သူရနီ (ခေတ်ပြိုင် မြန်မာလူငယ်ကဗျာဆရာများန…) […]

  2. Mr Naing

    well come it

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s