ရန်ကုန်မှာ အဆင်ပြေရဲ့လား ကိုထူး

Posted On May 22, 2010

Filed under Uncategorized

Comments Dropped one response

( ၁ )
ရန်ကုန်မှာ အခြေအနေဘယ်လိုလဲ
ဒီမှာတော့
အပေအတေ ရေမြွေပဲကွ
ရန်ကုန်မြို့ပြရဲ့ ရာသီဥတု က ပူတယ်လို့ မင်းပြောတော့
ရာသီဥတု အပူထက်
အဆင်မပြေတဲ့ ဘ၀တွေက ပိုပူပါတယ်ကွာ
ရန်ကုန်လေကတော့ အရင်လို မွန်းကျပ်နေတုန်းပဲ မဟုတ်လား
အရင်လို ပြေး လွှား လှုပ်ရှား နေရတုန်းပဲ မဟုတ်လား
ဒီက တောင်ပေါ်လေကတော့ လန်းလဲလန်းတယ်
လွမ်းလဲလွမ်းတယ်ကွာ ပြီးတော့
ပြင်ဦးလွင်မြို့ရဲ့ ရာသီဥတုကတော့
အားကစားသမားတွေ အကြိုက်ဆိုတာ ချည်းပဲ
ရာသီဥတု ကိုယ့်ဘက်ပါတယ်နေတယ် ဆို ဆိုပြီး
လမ်းလေးဆိုင် / အလင်းဆိုင်လေးတွေဆီ ရောက်သွားတော့တာပဲ
ငါက မပျော်တဲ့နေရာတွေမှာ နေသားကျလာတော့
အခု တောင်ပေါ်မြို့လေးမှာ ငါ ပျော်နေတယ်ပေါ့ကွာ
တစ်နည်းအားဖြင့်
ပြေအောင်နေပြီး ပျော်ချင်ယောင်ဆောင်ထားတာပေါ့ကွာ
ငါတို့ လက်ခံရရှိထားတဲ့ လူ့အဖြစ်ကြီးကလည်း
နေတတ်အောင်လဲနေရသလို ဖြေတတ်အောင်လဲ ဖြေရတယ်
မင်းအကြောင်း မင်းသတင်းတွေ ကြားရတာ
အားရ ကျေနပ်စရာကောင်းပေမယ့်
ထစ်ခနဲဆို တစ်ခုခုဆို
သွေးဆူလွယ်တဲ့ စိတ်ကျလွယ်တဲ့
ငါ့အကြောင်း ငါ့သတင်းတွေကတော့ အမြဲတမ်း
စိုးရိမ်ရေမှတ်မှာချည်းပဲ ပျက်ကျတော့မယ်ထင်ပါတယ်ကွာ ။

( ၂ )
ငါတို့တွေ ရန်ကုန်မှာ
အနုပညာနဲ့ နေထိုင်ခဲ့တဲ့ နေ့စွဲတွေကို သတိရပါတယ်ကွာ
လူမိုက် နဲ့ ငွေက အတူမနေတာလား
ငါတို့နဲ့ အတူမနေတဲ့ ငွေကပဲ မိုက်တာလားမသိပါဘူးကွာ
မိုက်တော့ မိုက်နေတာပဲ ဘာမိုက်သလဲတော့ မမေးနဲ့
ငွေရေး ကြေးရေး ကတော့ အဲဗား နာတာ၇ှည်ပဲ အရင်လိုပဲ
မင်းက ကာတွန်းမျက်နှာနဲ့ ကာတွန်းရေတဲ့ သူ
မင်းကာတွန်းတွေကို ဘယ်မဂ္ဂဇင်းတိုက်မှ မပို့ပေမယ့်
မင်းရဲ့ အနုပညာခံယူချက်နဲ့ မင်းရဲ့အနုပညာတွေကို
ငါ အကြွင်းမဲ့ ယုံကြည်ခဲ့တယ် သူငယ်ချင်း
ကဗျာ အနုပညာနဲ့ ငါတို့ရွေ့လျားခဲ့ဖူးရာ ရန်ကုန်ရဲ့
အချိန်တွေ ( ၂၀၀၄ – ၂၀၀၉ )
နေရာတွေ ( လှည်းတန်း ၊ မြေနီကုန်း ၊ ဆူးလေ ၊ ကော်ဖီဆိုင် ၊ စာအုပ်ဆိုင်တွေ)
အဆင်မပြေမှုတွေနဲ့ လင်းနေတဲ့ လမ်းဘေးမီးတိုင်တွေ
ငါတို့ နင်းလျှောက်ခဲ့တဲ့ လမ်းဘေး ပလက်ဖောင်းတွေ
နှစ်ယောက် အတူ ရွေ့ / ရွှေ့ခဲ့တဲ့ အကွက်တွေ ခင်းခဲ့တဲ့ဇယားတွေ
ငါ ဖြတ်သန်းခဲ့ဖူးသမျှ အတွေ့အကြုံအရဆိုရင်
ရန်ကုန် ဆိုတာ
ရမ်း လည်းကုန် မရမ်း လည်းကုန်ပါပဲ
လန်းလည်း ကုန်တယ် မလန်းလဲ ကုန်တယ်ကွာ အဲဒါ ရန်ကုန်ပဲ
ငါ သတိထားမိသလောက်တော့
လစ်တာနဲ့ခုန်အုပ်ဖို့ ကျားချောင်းချောင်းနေတဲ့ကောင်တွေလည်း
ချောင်းရင်းချောင်းရင်း ဂျောင်းတဲ့သူကဂျောင်းနဲ့
ရူးချင်ယောင်ဆောင်နေတယ် ပြောပြီး
တကယ်ရူးသွားတဲ့ အရူးကောင်တွေနဲ့
အရူးကွက်တွေ နင်းရင်းနင်းရင်းနဲ့
ချာချာလည်အောင် တိုင်ပတ်နေတဲ့ကောင်တွေလည်း ပတ်နေပါပြီကွာ
အရင်က ငါဖတ်ခဲ့ရတဲ့ နောက်ကျောကိုထိုးတဲ့ကဗျာတွေလည်း
ပျင်းတဲ့အခါဖတ်ဖတ်ပြီး ဟားတိုက်ရယ်နေရတယ်
ဒီမှာ မရယ်ရတဲ့ဟာသတွေ အရမ်းဈေးကြီးတယ် ။

( ၃ )
ရန်ကုန်မှာ လမ်းတွေ အလန်းတွေ ရှုပ်နေတာပေါ့ကွာ
ပြင်ဦးလွင်မှာတော့
ဆွယ်တာပေါတယ် ပန်းတွေပေါတယ် ၀ိုင်ပေါတယ်
လက်ဖက်ခင်းတွေနဲ့ ကော်ဖီခြံတွေပေါတယ် စတော်ဘယ်၇ီခင်းတွေပေါတယ်
တရုတ် အစားအစာ အကင်ဆိုင်နဲ့ ရှမ်းထမင်းဆိုင်တွေပေါတယ်
ရွှေ့စရာ ခုန်စရာ ဇယားတွေ အကွက်တွေ ပေါတယ်
တရုတ်ဆိုင်ကယ် တ၀ီဝီနဲ့ ရှမ်းတရုတ်မလန်းလန်းလေးတွေရယ်
ကြာကြာမခံတဲ့ တရုတ်ပစ္စည်းလေးတွေ ပေါတယ်ကွာ
ဒါပေမယ့် အရမ်းဈေးကြီးတယ်ကွ သတိထား ကိုင်တွယ်ရတယ်
ဒီရာသီမှာ ငါ့ ဇာတာတွေ လဲ ကျနေတယ်ထင်ပါတယ်ကွာ
စနေ မန်ချက် ကလည်း အဲဗား စီးပွားပျက် ဆိုတာချည်းပဲ
ငါအားပေးတဲ့ မန်ယူက ကလည်း ပရီးမီးယားလိဂ်ဖလားမရခဲ့သလို
မင်းအားပေးတဲ့ မန်းစီးတီးက ချန်ပီယံလိဂ် ၀င်ခွင့်တစ်နေရာ
လက်လွှတ်လိုက် ရပြီမဟုတ်လား ဒီလိုပဲ
ကဗျာနဲ့ပတ်သတ်လာရင် ဒီရာသီမှာ ဂိုးပေါက်ပျောက်ပျောက်နေတယ်ကွာ
လူကျွံနေတာနဲ့ တိုင်ထိထွက်တာနဲ့ တန်းဆင်းဇုံ အန္တရာယ်နဲ့ပေါ့ကွာ
ဒီရာသီ ကွင်းပြင်ပ က အခြေအနေရော ကောင်းရဲ့လား
ငါတော့ အာလုံးကို ခေါက် ပြီး လျှော်ထားလိုက်ပြီ
အရင်တုန်းက ကိုကြီးကို အရမ်းချစ်တယ်သိလားဆိုတဲ့
ချွဲတဲတဲ ညီမလေးတွေကလည်း သစ္စာမရှိကြပါဘူးကွာ
ရေနည်းနည်းလျှံတဲ့သူနောက် မျောပါသွားတာချည်းပါ ပဲ
ဒီဘက်ခေတ်က ရေလျှံမှ အဆင်ပြေတယ်ထင်ပါတယ်ကွာ
အားတဲ့အချိန်
အင်တာနက်ထဲမှာ စကားလုံးတွေ အပျင်းဖြေရတာလည်း
ပျင်းပြင်းပြီး ဖျင်းဖျင်းလာတယ် ထင်ပါတယ်ကွာ
ဝင်လိုက်တာနဲ့ ဘာညာ စမာကလာတွေပဲ တွေ့နေရတယ် ဆိုးတယ်
တစ်ယောက်တည်း နေရတဲ့ လွတ်လပ်တဲ့အရသာက
ငါ့သွေးထဲမှာစီး နေတဲ့နောက်ပိုင်း
ဂဲဖရန့်တွေ အီစီကလီတွေလဲ ငါစိတ်ကုန်သွားပြီ သူငယ်ချင်း ။

( ၄ )
မင်း အရင်လို ဆေးလိပ်တွေ သောက်နေတုန်းပဲလား
လျှော့ပေါ့ကွာ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ဆိုတော့
ငါလည်း ဒီလောက်ပဲ ပြောနိုင်တော့တယ်
ဦးနှောက်နည်းတဲ့ကောင်တွေအကြောင်းတော့
အပင်ပန်းခံပြီး တွေးတွေးမနေနဲ့ အချိန်တန်ရင် လိမ့်သွားလိမ့်မယ်
ပြီးတော့ ကျန်းမာရေးလဲ အမြဲ ဂရုစိုက်ကွာ
ကမ္ဘာကြီးရဲ့ ရာသီဥတုတွေက သိပ်ကောင်းတော့တာမဟုတ်ဘူး
ဖောက်လွဲ ဖောက်ပြန် ဖြစ်နေပြီ ဆိုးနေတယ်ကွာ
ဒီမှာတော့ အေးစက်အေးစိမ့်တဲ့ ညဘက်တွေထဲ
ဆိုင်ကယ် တစ်စီးနဲ့ ခြေရှုပ်ရှုပ်နေရတာ
နှာစေးလိုက် ချောင်းဆိုး လိုက် ခဏ ခဏ ဖြစ်ချင်နေတယ်
ပြီးတော့ ကဗျာနဲ့ ပတ်သက်လာရင် ငါက
အပေါ်သွေး ကဗျာ အောက်သွေး ကဗျာနဲ့ အမြဲတမ်း သွေးတိုးချင်နေတယ်
ခေတ်ပေါ် ကဗျာ ကလည်း လမ်းခွဲတွေ မှတ်တိုင်တွေ
ဂိတ်စတွေ ဂိတ်လယ်တွေ ဂိတ်ဆုံးတွေ ပုံစံတွေ ခွက်တွေ
ပလုန်းတွေ တည်ဆောက်ပုံတွေ ရှုပ်ယှက်နေတာပဲကွာ
ကိုယ့်ဘာသာကိုယ် လုပ်စရာရှိတာ လုပ်နေတာပဲကောင်းတယ်
ကဗျာ ဆ၇ာ ရဲ့ အလုပ် က ကဗျာ ရေးဖို့ပဲ မဟုတ်လားကွာ
ကဗျာ တွေကလည်း အသစ်တွေ အသစ်တွေ ဆိုပြီး
တစ်နေရာထဲမှာပဲ ထစ် ထစ် ပြီး လည်နေတယ်
အရင်အသံထွက်ပဲ ပြန်ပြန် လန် / လည် ထွက်နေတယ်
အိပ်ပျော်နေတဲ့ ကလေးတစ်ယောက်ရဲ့ မျက်နှာဟာ
အပြစ်ကင်းတယ်တဲ့ ငါတို့တွေ အရွယ်က
အိပ်ချင်ယောင်ဆောင်ပြီး အပြစ်မကင်းတော့တဲ့
အသက်နှစ်ဆယ်ကျော် အရွယ်လူငယ်တွေပါ
ငါတို့မှာ လုပ်သင့်တာတွေ လုပ်နိုင်တာတွေ အများကြီး
ငါတို့ဟာ ကိုယ့်အကြာင်းကိုယ် ရေးရင်း ရေးရင်း နဲ့
အချိန်တန်ရင် အလိုလို ပျောက်ကွယ် သွားရမယ့် ကမ္ဘာကြီးထဲက
မြူမှုန် မြူစ လေးတွေပါ အစ အန လေးတွေပါကွာ
ငါတို့ရဲ့ ဖြစ်တည်မှုလေး မပျောက်ဆုံးသေးခင်တော့
ငါတို့ယုံကြည်လို့ ဆုပ်ကိုင်ထားတဲ့ အနုပညာ(ကဗျာ) ကို
ဘယ်တော့မှ မလွှတ်ချနဲ့တော့ကွာ ပြီတော့ အရေးကြီးတာက
ရတနာ ငါးပါး ဘယ်တော့မှလည်း မမေ့နဲ့ဦး သူငယ်ချင်း
ဒီကဗျာကတော့ ဒီလောက်ပဲကွာ
မင်းရန်ကုန်မှာ အဆင်ပြေ ပျော်ရွှင်ပါစေကွာ
မင်းရဲ့သူငယ်ချင်း
ပြင်ဦးလွင်မြို့ ရောက်နေတဲ့
မန္တလေးမြို့သစ်သား ကဗျာဆရာ သုမင်းညို ။ ။

သုမင်းညို
၂ ၁ ၅ ၂ ၀ ၁ ဝ
ညနေ ၀၇း ၄၅နာ၇ီ

Advertisements

One Response to “ရန်ကုန်မှာ အဆင်ပြေရဲ့လား ကိုထူး”

  1. မောင်နွေသစ်

    မင်္ဂလာပါ..ကိုသုမင်းညို
    ကဗျာတွေလာဖတ်သွားပါတယ်….
    အသစ်တွေလဲစောင့်နေပါတယ်….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s