ရာသီဥတု / မြန်မာပြည်ရဲ့တစ်နေရာ
တစ်နေ့ပြီးတစ်နေ့ မြင်မြင်နေရတဲ့ တောတောင်ကြီးတွေလို
အလွမ်းဖျားဟာ ဒီဂရီ မြင့်သထက် မြင့်မြင့်လာတယ်
အဆက်မပြတ် ရွာနေတဲ့ မိုးတွေဟာ မင်းကို သတိရစိတ်တွေလား
မင်းကိုယ်ငွေ့ကလွဲလို့ နွေးထွေးအောင် လုပ်မပေးနိုင်တော့တဲ့
အချမ်းဓာတ်လွန်ကဲမှုတွေနဲ့ တုန်ရီ
ချစ်တဲ့စိတ်ဟာ သစ်ခွပန်းလေးလို အမြင့်ဆုံးမှာပွင့်လန်း
မင်းရယ်သံလွင်လွင်လေး မကြားနိုင်တဲ့ အဝေးမှာ ငါဟာ ဆက်သွယ်မှုဧရိယာပြင်ပ
အခုဆို ငါ့အဝေးတစ်နေရာမှာ မင်းတစ်ယောက် ဘာတွေလုပ်နေမလဲ
အနေဝေးကွာမှုမှာ အခု ကျဆင်းနေတဲ့ မြူတွေလို မင်းေ၀၀ါးသွားမှာစိုးမိတယ်
ငါ့ကို သတိရပါစေလို့တော့ ဆုတောင်းတွေ မပြုဖြစ်တော့ဘူး
ကျန်းမာရေးကိုဂရုစိုက်ပါ နေ့စဉ်မှတ်တမ်းရေးပါ
ငါပြန်လာတဲ့အခါ မင်းအတွက် သစ်ခွပန်းပင်လေး လက်ဆောင်ယူလာခဲ့မယ်
မင်းမြတ်နိုးပါ အသက်လိုတန်ဖိုးထားပါ သစ်ခွင့်ပွင့်လေးတွေကို
ကေသာဦးမှာ အမြတ်တနိုး ပန်ဆင်ပါ ယုယပါ နွေးထွေးပါ
ငါဟာ မင်းကို ချစ်တဲ့ စိတ်နဲ့ အသက်ဆက်နေရတဲ့ သစ်ခွပင်လေးတစ်ပင်ပေါ့
မြန်မာပြည်ရဲ့ တစ်နေရာမှာ ။ ။
Leave a comment