ဆေးရုံဇာတ်လမ်း
ညနက်ကြီးထဲ
ရွာနေတဲ့မိုးလို တဖွဲဖွဲ
လူ့အဖြစ်ဟာ
လေအဝှေ့မှာ ညင်သာတိုးတိတ်စွာ ဖြုတ်ခနဲကြွေကျသွားတဲ့ ရွက်ကြွေလေးတွေလို ကြွေကျသွားဟန်နဲ့
ညရဲ့ ရိုက်ခတ်မှုမှာ
ပြင်းပြင်းထန်ထန် တုန်ခါနေခဲ့ပုံ ။ ။
တစ်ယောက်တည်းသီချင်း
စိတ်ကညှို့တာနဲ့ မိုးကသည်းတော့တာပဲ ပြင်းပြင်းထန်ထန် အလွမ်းနဲ့လွှင့်တင်လိုက်သော လေတံခွန်လေးမင်းဆီမရောက်ခင် ပြတ်ကျသွားပုံလမ်းမတွေပေါ်လျှောက်လိုက် လှေခါးထစ်တွေတက်လိုက် ဆင်းလိုက် စကားတွေပြောလိုက် တိတ်သားအဟောင်းလိုထစ်ထစ်သွားလိုက် ရပ် ရပ် သွားလိုက် အခုရှိနေတာ ငါရောက်နေတဲ့နေရာ အမှတ်အသားတွေ သင်္ကေတတွေလည်း ငါမသိတော့ အချိန်ဘယ်လောက်ရှိပြီ အခုမြန်မာုစံတော်ချိန်ဘယ်လောက်လဲ စောက်မြင်အကပ်ဆုံး အဆိုတော်တစ်ယောက်ရဲ့သီချင်းကို အရူးတစ်ယောက် ခဏခဏရွတ်ဆို ကြေကွဲလို့ တစ်ယောက်တည်း သီချင်း ။ ။
ဖျားတဲ့ဘက်မှာ
ဖျားတဲ့ဘက်မှာ
ရယ်စရာများကောင်းနေမလားကိုယ်တိုင်နေမကောင်းတဲ့ကြားက ကျန်းမာရေးဂရုစိုက်ဖို့ တဖွဖွ မှာမိတယ် အသံဟာ တိုးတိုးလေး နွမ်းရှကွဲအက် ခေတ်ကြီးကလည်း ရယ်စရာ မရယ်နိုင်တဲ့ ဘဝတွေ နဲ့ လုံးချာလည်ချာ ငါတို့ကမ္ဘ္ဘာ္ဘ ရောက်လာတဲ့မုန်တိုင်းဟာနာမည်အသစ်နဲ့ ငလျင်ဟာအင်အားပြင်းဆုံးစကေးနဲ့ဆားစ် ပြီးတော့ အခု မားစ် အသစ်သစ်ဆိုတာတွေနဲ့ အဆန်း / အလန်းတွေချည်းပဲ ငါ့စိတ်က ရေငွေ့လေးတွေလို ငွေ့ရည်ဖွဲ့လိုက် ကြမ်းပြင်ပေါ်ပြန်ကျကွဲသွားလိုက်ပင့်ကူအိမ်တွေဆီရောက်လိုက် ဖတ်လက်စကဗျာစာအုပ်လေးဆီရောက်လိုက် မရောက်ဖူးသေးတဲ့ မင်းရှိရာတောင်ပေါ်မြို့လေးဆီအတွေးနဲ့ရောက်သွားလိုက် နာကျင်လိုက် ပြီးတော့ စိတ်ဟာကြမ်းပြင်ပေါ်ပြန်ကျကွဲသွားလိုက်ပါပဲဒီနေ့မှ ဘေးအခန်းကအသံတွေ သိပ်ဆူညံနေသလိုပဲဖုန်းမြည်သံက အရမ်းကျယ်လောင်နေသလိုပဲအခန်းတံခါးပိတ်ထားတယ် မီးမှိတ်ထားတယ် ပြီးတော့ မျက်လုံးတွေမှိတ်ထားတယ် မိုးရေစက်လေးတွေလို တိတ်တိတ်လေး ကျကွဲနာကျင်နေရတာအရသာတစ်မျိုးပဲ မင်းကိုမသိစေချင်ခဲ့ဘူး ငါဟာငါယုံကြည်ရာအစွန်းတစ်ဖက်ဖက်မှာ ရပ်တည်ရဲရင့်ပစ်လိုက်ဖို့ နာဖျားနေရဆဲ နှာစေးနေရဆဲ သွေးကြောင်သူခေတ်ထဲကလူငယ်လေးတစ်ယောက်ပါ ဒီလိုနဲ့ တလွဲခေတ်ကြီးထဲမှာ အကြိမ်ကြိမ်နာဖျားနေရဆဲမဟုတ်လားငါ့အပေါ်ထားတဲ့ မင်းရဲ့စိုးရိမ်စိတ်လေးကြောင့် ငါ့မှာ ပိုပြီး ပိုပြီး ဖျားရတယ် မိရည်ရွယ် ။ ။
သုမင်းညို
14 July 2015
လမ်းခွဲ
တစ်ကိုယ်ကောင်းဆန်စွာ လမ်းဆုံးကို ကိုယ်ခေါ်မသွားရက်တော့ဘူး
ထားရစ်ခဲ့ရတော့မယ် တွေဝေစွာ
လမ်းခွဲ ရှေ့မှာ / အနာဂတ်မှာ ရွေးချယ်စရာလမ်းတွေမှတကယ့်ကိုအများကြီး
“အစကဘာလို့ချစ်ခဲသေးလဲ” ဆိုတဲ့ မေခွန်းကို ခဏခဏထပ်ပြီး
မမေးနဲ့တော့
အဲဒီမေးခွန်းအတွက် အဖြေဆိုတာ ဘယ်တော့မှရှိလာမှာမဟုတ်ဘူး
ချစ်တာတစ်ခုပဲသိတယ်ဆိုတာ ဒီဘက်ခေတ်ကြီးမှာ
မြို့ပြထဲ မျက်စိမှိတ် လမ်းလျှောက်နေရခြင်းပဲ
အန္တရာယ်ဟာ အသင့်အနေအထား
မင်းဟာ ကိုယ့်လို ဥယျာဉ်မြေမျိုးမှာ မပွင့်လန်းသင့်တဲ့ တစ်ပွင့်ပန်းပါ
တစ်ယောက်နဲ့တစ်ယောက် နှလုံးသားတည့်တည့်ဆီ မပစ်မိခင်တော့
ချစ်ခြင်းဟာ ပျော်စရာတွေပဲပေါ့
အဆင်မပြေတဲ့အခါ ချစ်ခြင်းမေတ္တာဆိုတာကလည်း
ထိ ရှ ပေါက် ကွဲ လွယ်သော ဖေါက်ခွဲရေး ပစ္စည်းတစ်မျိုးပဲ
ပြိုတော့မယ့် ချောက်ကမ်းပါး အစွန်းတစ်ခုမှာ ရပ်နေရခြင်းပဲ
မင်းတို့လိုအရွယ်လေးတွေ အသည်းပေါက်မတတ်ခိုက်တယ်ဆိုတဲ့
စိတ်ကူးယဉ် ကိုရီးယား အချစ်ဇာတ်လမ်းတွေထက်
လက်တွေ့ဘ၀ဟာဆန်းကြယ်
မရေရာသေးသော အနာဂတ် ဘ၀တွေနဲ့ ကိုယ်ဟာ
အခုထိ လွင့်နေရတုန်းပဲ
နောက်ဆိုရင် ကိုယ့်ကြောင့်ရလာတဲ့ မပျော်ရွှင်မှုတွေကို
ကိုယ့်ကြောင့်ရလာတဲ့ ချစ်ခြင်းတွေနဲ့ ဘယ်လိုမှ ချေပပြီး ရယ်ရွှင်နိုင်တော့မှာ
မဟုတ်ပါဘူး
မဟုတ်ဘူးလို့ခပ်လွယ်လွယ်မငြင်းနဲ့ သေချာတယ်
မင်းဟာ အရွယ်ငယ်ငယ် သွေးသားနုနယ်သူ စိတ်ကူးယဉ် တတ်စ
ချစ်ခြင်းကလွဲရင် ဘာကိုမှမှန်ကန်စွာ တွေးခေါ်မဆုံးဖြတ်နိုင်သေးသူ ဖြူ
နာကျင်မှုကို ဘာအရောင်မှ ထပ်မဆိုးချင်ပါနဲ့တော့
ခွင့်လွှတ်ပါလို့ ပြောမထွက်ခဲ့ပေမယ့် တိုးတိုးလေး
” ခွင့်လွှတ်နိုင်ပါစေ ”
ဘယ်သူ့စာသားလေးလဲ မမှတ်မိတော့ပေမယ့် ဖြေသိမ့်နိုင်စရာ ရွတ်ပြခဲ့မယ်
“မင်းဘက်ကကြည့်တော့ ဆုတောင်းပြည့်စေတီလေးပါ
ကိုယ့်ဘက်ကကြည့်တော့ လွမ်းစေတီပါ ညီမငယ်လေး ဖြူ “
တစ်ယောက်နဲ့တစ်ယောက် တွေဝေစွာ မပြတ်သားစွာ ရပ်ကြည့်နေတယ်
တစ်ယောက်မျက်ဝန်းထဲမှာ တစ်ယောက်
တင်းကျပ်စွာ ပွေ့ဖတ်ထားမိပေမယ့် ရှုမျော်ခင်းတွေက တစ်နေရာစီ
နာကျင်မှုနဲ့အတူ စို့တက်လာသော မင်းမျက်ဝန်းမှ မျက်ရည်စက်များ
ဝေ့သီ
ပတ်ဝန်းကျင်က ဘာမှမမြင်ရတော့အောင် မှုန်ဝါးလားတယ်
ဆုပ်ကိုင်ထားသော လက်များ ဖြေလျော့လိုက်မိတယ်
မင်းမျက်ဝန်းထဲက မျက်ရည်စလေး ခုန်ဆင်းမလာမီ
မပွင့်တပွင့် မင်းနှုတ်ခမ်းပါးတို့က နာကျင်ကွဲရှသော စကားသံတွေ ထွက်မလာမီ
အရင်လိုဘ၀ထဲကို ကိုယ်တစ်ယောက်တည်း ပြန်သွားခဲ့ပါတယ်
လမ်းခွဲ ။ ။
သုမင်းညို
၈ . ၉ . ၂၀၁၁
၁၂း၂၂ နာရီ
ဘူးသီးတောင်မြို့
ဘူးသီးတောင်မြို့
မြို့ကိုရောက်ရောက်ချင်း ပထမဆုံးစတွေ့မှာက
သဘောင်္ဆိပ်က ဆင်းဆင်းချင်း အထုပ်အပိုးတွေလုထမ်းမယ့် အထမ်းသမားတွေရယ်
……..မှ လှိုက်လှဲစွာကြိုဆိုပါ၏ ဆိုတဲ့ မြို့ အ၀င်ဆိုင်းဘုတ်ကြီးရယ်ပဲ
အဲဒီမှာ စတွေ့တော့တာပဲ
ရခိုင်ပြည်နယ်ကိုေ၇ာက်ရင် ရေစာ / ပင်လယ်စာတွေ မစားချင်မှအဆုံးနေမှာပေါ့တဲ့
ဒီဘက်ကလူတွေအခေါ် ပြည်မ ဆိုတဲ့ နေရာကြီးက သယ်ရင်းတွေက ပြောတယ်
စားလိုက်ရတာရေစာ မုန်းမတတ် စီးရတဲ့ ရေကြောင်းခရီးကို ပြောကြတာနေမှာ
အခု
ဘယ်လိုပြန်ဖြေရမလဲ ကိုယ့်စိတ်ကို / မင်းတို့မေးခွန်းတွေကို
ရယ်စရာမောစရာတွေချည်းပါပဲ ရယ်စရာတွေရဲ့ နောက်မှာ မောစရာတွေ ပါပါလာတယ်
ဒီမှာတော့ပေါတာဆိုလို့ တစ်နေ့စာတစ်နေ့ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားနေရတဲ့
ဘ၀တွေတော့ ပေါတယ် နေရာအနှံ့ အပြားမှာ တွေ့ရ
အစွဲအလန်းဟာ အန္တရာယ် ရှိသော အဆိပ်အတောက်တစ်မျိုးပဲ
ဘာမှ ဆွဲစရာ မရှိတော့တဲ့အခါ ဘာမှ မလန်းတော့ဘူးပေါ့ ဂွမ်းပြီးရင်းဂွမ်းတယ်
လက်ဖက်၇ည်တစ်ခွက်လို့မှာလိုက်
၇င် ကျဆိမ့် / ချိုကျ / ချိုပေါ့ လားဘာမှမမေးဘူး
မှာတာနဲ့ အိုးထဲထည့်ဖျော်ထားတဲ့ လက်ဖက်ရည်ကို ခွက်နဲ့ခပ်ပြီး ရှေ့ကိုေ၇ာက်လာ
အရသာ ကို ကိုယ့်ဘာသာ ဆုံးဖြတ်ရတယ် သုံးသပ်ရတယ်
ဘယ်လိုမှာမှာ ဒီအရသာပဲမို့ “ဘာလာလာ“ လက်ဖက်ရည် လို့ နာမည်ပေးလိုက်တယ်
လေယူလေသိမ်းဟာ ၀ယ်ယူမယ့်ပစည်းတွေကို ဈေးတက်စေတဲ့ အသံထွက်ပဲ
သူတို့ပြောတဲ့သယ်ယူစရိတ် ဆိုတာကို အကြောင်းမသိတာနဲ့
ကိုယ်ကထပ်ဆောင်း ပေးလိုက်ရတာပဲ ပေါက်ဈေးကို သိရမယ်
လိုအပ်ရင် အရူးကွက်လည်းနင်းနိုင်ရမယ် နင်းလည်းနင်းရတယ် မလွယ်ဘူး
မိုးကလည်း မုန်းအောင်ကိုရွာ မိုးတွင်းဆိုတော့ အသီးအ၇ွက်တော့ရှားမယ်လေ
ဘယ်လိုကြီးလဲလို့တော့ အံ့သြပြီးမမေးလိုက်နဲ့ ဒီလိုပါပဲလို့ ဖြေလိမ့်မယ်
ဒီမှာဈေးပေါတာ ဆိုလို့ ဆံပင်ညှပ်ဆိုင်နဲ့ ရွှေတောင်ကြားပဲ
ဘာလာလာကေ ညှပ် လျှော် ဆေး ပေါင်းသင် အကြောလျှော့ အလိုအလျောက်
ထမင်းဆိုင်ကောင်းကောင်းစားချင်
ရင်တော့ “၀င်းဇော်မိုး“ ကိုသွားရတယ်
ကောက်ကြောင်းအလန်းလေးတွေ ရှိုးချင်ရင်တော့ ကျောင်းဆင်းချိန်ကိုစောင့်ရတယ်
ဈေးနေ့ကိုစောင့်ရတယ် တစ်ပတ်မှာနှစ်ရက် ( ကြာသပတေး ၊ တနင်္ဂနွေ ) ဈေးနေ့
မောင်တောမြို့သို့ ၁၃မိုင်
ဘူးသီးတောင်မြို့မှ နှုတ်ခွန်းဆက်သပါ၏ ။ ။
သုမင်းညို
၁ ၁၀ ၂၀၁၁
ဝ ၉ ၄ ၀ နာရီ
ဘူးသီးတောင်မြို့
မှတ်ချက် ။ ။ ( ၀င်းဇော်မိုး ) ရခိုင်ထမင်းဆိုင်နာမည် ။ ။
ညနက်ထဲ တွေဝေမပြတ်သားမှုတွေနဲ့ တုန်ရီလှိုက်မော
အပြင်းစား သတိရစိတ်တွေနဲ့ အခန်းလေးရဲ့ အပြင်ဘက်ကို ငေးကြည့် နေမိတယ် ။ အခုလိုနေ့တွေမှာဆို တစ်စုံတစ်ယောက်ကို အရမ်းသတိရတယ် ။တစ်စုံတစ်ယောက် ။
ဟုတ်တယ် တစ်စုံတစ်ယောက် ။အဲဒါမောင်ပေါ့ ။အခု ကျွန်မ နေမကောင်းဘူး ။ကျွန်မဖျားနေတယ် ။တစ်ကိုယ်ရည်အဖော်မဲ့ အားငယ်စွာ ။ ကျွန်မနေမကောင်းဖြစ်တိုင်း အစာပျော့ပျော့လေး ၀င်အောင်စားဖို့ ၊ စားချိန်မှန်ဖို့နဲ့ ဆေးသောက်ရမယ့် အချိန်တွေကို ဖုန်းဆက်ဆက်ပြီး သတိပေးတတ်တဲ့ အသံလေးတွေ ပြန်ကြားချင်နေမိတယ်။ ဖုန်းဆက်ပြီး ကျွန်မကို သတိပေးပါဦးလား ။ အရင်လို ကြင်နာတဲ့ အသံလေးတွေနဲ့ မဟုတ်တော့ ရင်တောင် ကျွန်မကို မုန်းတီးတဲ့ ခပ်ဆက်ဆက် ခပ်မာမာ အသံနဲ့ ဖြစ်ဖြစ်ပေါ့ ။အရင်လို မျှော်လင့်မိပေမယ့်လည်း အရင်လို မရနိုင်တော့ပါဘူးလေ။သိစိတ်က မမျှော်လင့်ရဲတော့ပေမယ့် မသိစိတ်ထဲက မျှော်လင့်နေမိသေးတယ်။ ခေါ်သံ တစ်စုံတစ်ရာများ ကြားရလေမလားလို့ တယ်လေးဖုန်းလေးဆီ ခဏခဏ ငေးကြည့်မိတယ် ။ ကျွန်မကို ဖုန်းခေါ်ပါလားမောင် ။ကျွန်မ မောင့်ကို ဖုန်းခေါ်ဖို့ အင်းအားမရှိလို့ပါ ။ဖုန်းထဲမှာကျွန်မ ငိုတုန်းက ပြောလိုက်တဲ့စကားလေ ” မင်းတို့မိန်းမတွေရဲ့ အပြင်းဆုံးနဲ့ နောက်ဆုံးလက်နက်က မျက်ရည်ပဲလား … မင်းလည်း ခပ်ညံ့ညံ့ မိန်းမတစ်ယောက်ပဲ… ငါ စိတ်အပျက်ဆုံးကလည်း ခပ်ညံ့ညံ့ မိန်းမတွေရဲ့ မျက်ရည်နဲ့ ရှိုက်သံတွေပဲ…ငါမင်းကို တော်တော်စိတ်ပျက်တယ် ” ။ မဟုတ်ဘူး… မဟုတ်ဘူး ။ကျွန်မတစ်ယောက်တည်း သွေးပျက် ထိတ်လန့်စွာ ငြင်းဆန်မိတယ် ။ လက်နက်မဟုတ်ပါဘူးမောင်ရယ် ။ ကျွန်မကြောင့် မောင့်စိတ်ကို ၀မ်းနည်းနာကျင်ရဖို့လဲ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူးသလို ဘယ်တော့မှလည်း မမျှော်လင့်ပါဘူး။အဲဒီနေ့ကလည်း မောင့်ရဲ့ ပြင်းထန်တဲ့ စကားလုံးတွေအောက်မှာ မငိုမိအောင် အားတင်းပြီးပြောနေတဲ့ကြားက ထိခိုက်နာကျင်ရလွန်းလို့် ကျွန်မငိုလိုက်မိတာပါ ။ ချစ်သူတစ်ယောက်ဆီက အမုန်းကို ရလိုက်တဲ့ မိန်းမသားတစ်ယောက် အနေနဲ့တော့ မျက်ရည်ကျခွင့်လေးတော့ ရှိသင့်သေးတယ်လို့ ကျွန်မထင်ပါတယ်မောင် ။ ကျွန်မ တော်ရုံနဲ့ မျက်ရည်လွယ်တဲ့ မိန်းမသားတွေထဲမှာ ကျွန်မ မပါပါဘူးမောင် ။ အခုလည်း မငိုမိအောင် တင်းထားတဲ့ကြားကပဲ ကျွန်မ မျက်ဝန်းမှာ မျက်ရည်စလေးတွေ စို့တက်လာပြန်ပြီမောင် ။ မျက်တောင်လေးမခတ်မိအောင် အခန်းလေး၇ဲ့ အပြင်ဘက်ကို ဆက်ကြည့်ထားလိုက်တယ် ။ သတိရစိတ်ကို အာရုံလွှဲကြည့်တယ် ။သတိမ၇ဘူး ၊ သတိမ၇ဘူး။မောင့်ကိုလုံးဝသတိမရဘူ
( ခ )
”မောင်က ချစ်စရာမကောင်းဘူး…သိလား”
”သိသားပဲ”
”ဒါပေမယ့် ကျွန်မ မောင့်ကိုချစ်တယ်”
”ရူးနေလို့နေမှာပေါ့”
မောင်ပြောလိုက်တဲ့ စကားလေ။ ဟုတ်တယ် ကျွန်မ ရူးနေတာ ။ မောင်နဲ့ပတ်သက်လာရင် ဘယ်အကြောင်းအရာမဆို ကျွန်မ ခံစားမှုတွေက ထိခိုက်လွယ် ခံစားလွယ် အမြဲတမ်း အရူးတစ်ပိုင်း။ အခု ပြန်တွေးနေမိတာတောင် အရူးတစ်ပိုင်း သွေးရူးသွေးတန်း ။ မောင်နဲ့အတူလျှောက်ခဲ့တဲ့ ရန်ကုန် ပြည် လမ်းမကြီးတွေ မောင့်လက်မောင်းလေးတွေကိုဆုပ်ကိုင် မောင့်ပုခုံးလေးပေါ်မှာ ကျွန်မခေါင်းလေးမှီပြီး ကုန်ဆုံးသွားတဲ့ ညနေညိုရီတွေ မောင့်အနမ်းတွေနဲ့ နှုတ်ဆက်နေကျ ညနေအိမ်ပြန်ချိန်တွေ ။နီယွန်မီးရောင်တွေအောက်ကညနေလမ်းတွေအတူဆုံချိန်တွေကို မောင်နဲ့အတူပြန်လျှောက်ချင်နေမိသေးတယ်။ နှုတ်ဆက်အနမ်းတွေနဲ့အိမ်ပြန်တဲ့အခါကားဂိတ်ကိုအမြဲတန်းလိုက်ပို့တတ်ပြီးအိမ်ပြန်ရောက်ချိန်တွေကိုမှန်းပြီး ရောက်ပြီလားလို့ဖုန်းဆက်ပြီးဂရုတစိုက်မေးတတ်တဲ့ မောင့်အသံတွေပြန်လိုချင်ပြန်ကြားချင်နေသေးတယ်။
( ဂ )
အတူလျှောက်ခဲ့ဖူးတဲ့လမ်းတွေ ၊ အတူထိုင်ခဲ့ဖူးတဲ့ အအေးဆိုင်တွေ ပြီးတော့ ထောပတ်သီးဖျော်ရည် ၊ စီးကရက်တစ်ပွဲ ။ မောင်က ဆေးလိပ်တွေ အရမ်းသောက်တယ် ။
”ကျွန်မလေ ဆေးလိပ်ဖြစ်ရင်တောင် မောင်သောက်တဲ့ ဆေးလိပ်လေးတွေ မဖြစ်ချင်ဘူးသိလား”
”ဘာလို့လဲ ”
”မောင့်အတွက် တစ်ခဏတာစိတ်ကျေနပ်မှုတွေပဲပေးပြီး ကြာလာရင်မောင့်ကျန်းမာရေးကိုထိခိုက်မှာ စိုးရိမ်လို့လေ ”
”ကဗျာဆရာမ လုပ်ပါလား သိပ်ကြွယ်တာပဲ ”
လူတိုင်းနီးပါး အချစ်နဲ့တွေ့တဲ့အခါမှာ ကဗျာဆန်သွားတတ်ကြတာပါပဲလို့ ပြောတော့ မောင်က ကျွန်မကို ထုံးစံအတိုင်းကောင်းချီးပေးတယ် ။ ”အရူးမ” တဲ့။ ကျွန်မနှုတိခမ်းလေးတွေကို ဆူ မောင်ပြန်မချော့မချင်း စိတ်ကောက်ချင်ယောင်ဆောင်ရတဲ့ အခိုက်အတန့်လေးတွေ ။ ပျော်စရာလေးတွေပါပဲ ။ အခုပြန်တွေးလိုက်မိတော့လည်းကျွန်မ နှုတ်ခမ်းလေး ညွှတ်သွားတယ် ထင်တယ် ။ ဟုတ်တယ် ကျွန်မပြုံးလိုက်မိတယ် ။
( ဃ )
အိပ်ရာလေးပေါ်ကဆင်းပြီး မှန်တင်ခုံရှေ့ကို အားတင်းပြီး လျှောက်လိုက်တယ် ။ ကျွန်မလည်ပင်းမှာမှဲ့လေးတစ်လုံး ။ဆံပင်တွေနဲ့ဖုံးနေတဲ့ာကားထဲက မောင်မြင်သွားတဲ့မှဲံ့လေးလေ။ မှန်ထဲမှာ မှဲ့လေးကိုကြည့်ပြီး ကျွန်မ အားတင်းပြုံးလိုက်တယ် ။ မောင်သိပ်ချစ်ခဲ့တဲ့မျက်ဝန်းမို့မို့လေးတွေလေးအခုရက်ပိုင်းမှာချောင်ကျသွားတယ်။အခုလိုအခြေအနေမျိုးမှာ မောင်ကျွန်မကိုသာတွေ့ခဲ့ရင် ခပ်ညံ့ညံ့ မိန်းမ စိတ်ပျက်စရာပဲလို့ ပြောဦးမှာသေချာတယ် ။ ကျွန်မနှုတ်ခမ်းလေးတွေကို ယောင်ယမ်းပြီး စမ်းကြည့်လိုက်မိတယ် ။ သွေ.ခြောက်နေတဲ့ နှုတ်ခမ်းသားလေးတွေ တဆက်ဆက်တုန်ရီ ။ ဟုတ်မှာပါ ။ မောင့်ရဲ့ ခပ်ရှရှ အနမ်းတွေ မရတော့တာ ရက်ပေါင်းများစွာကြာခဲ့ပြီပဲ ။ မောင်နဲ့အတူဆုံချိန်တွေဆို နှုတ်ခမ်းဆိုးဆေးဗူးလေး အမြဲဆောင်ထားရတယ် ။ ကျွန်မနှုတ်ခမ်းပေါ်က နှုတ်ခမ်းဆိုးဆေးတွေကို မောင့်ရဲ့ ခပ်ပြင်းပြင်းအနမ်းတွေနဲ့ အမြဲဖျက်ဖျက်ပစ်တတ်လို့လေ ။ မောင်က နှုတ်ခမ်းပေါ်က နှုတ်ခမ်းဆိုးဆေး ဖျက်တဲ့နေရာမှာတော်တယ်။ မောင့်ကြောင့် ပျက်သွားတဲ့နှုတ်ခမ်းဆိုးဆေးတွေ
( င )
ဟိုအရင်အတိတ်ဟောင်းတွေ ။ ပုံရိပ်တွေ ။ ပြီးဆုံးသွားခဲ့ပြီ ဆိုပေမယ့်လည်းလေ ။ နက်ရှိုင်းသော အနမ်း ၊ အထိအတွေ့ ၊ ချင်းခြင်း မေတာ ၊ ဆေးလိပ်ငွေ့တွေ မောင့်ရယ်သံတွေနဲ့ ခပ်ပြင်းပြင်းအသက်ရူသံတွေ နဲ့ ကြွေမွနေတဲ့ အိပ်ယာခင်းတွေ ၊ ဘာမှမဖြစ်ခဲ့ကြသလို အတူရယ်မောပျော်ရွှင်ခဲ့ချိန်တွေ။ ပြီးဆုံးပြန်မရနိုင်တော့ဘူးဆိုပေမယ့်လေ ။ ကျွန်မနေထိုင်ရာ ပတ်ဝန်းကျင်မှာ ခြောက်လှန့်နေသလိုလို နေ့စဉ်မြင်နေ ကြားနေရသလိုပဲ ။ အဲဒီစိတ်တွေ ခြောက်ခြားမှုတွေနဲ့ပဲ ကျွန်မ တကယ်ကိုရူးရတော့မှာ ။ ကျွန်မ နာကျင်စွာ အော်ဟစ်ပစ်လိုက်ချင်မိတယ် ။ ချစ်သောသူနဲ့ ကွေကွင်းရတဲ့ ဝေဒနာ ဒဏ်ရာ ဟာ ဘယ်လောက်ပြင်းထန်တဲ့ ငရဲလဲဆိုတာ မောင်တစ်ယောက် ဒီသံသရာ အဆက်ဆက် ကျွန်မ လို မကြုံတွေ့ပါစေနဲ့လို့ ညစဉ်ညတိုင်းဘုရားမှာ တောင်းဆုတွေပြုဖြစ်တယ် ။ အခန်းအပြင်ကို ငေးကြည့်မိတော့ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကြီးစိုးနေပြီပဲ ။ ညဉ့်နက်နေပြီ။ အခုချိန်မောင်တစ်ယောက် ဘာတွေလုပ်နေမှာလဲ ၊ ဘယ်သူနဲ့အတူရှိနေမလဲ ။ ကျွန်မအဝေးမှာမောင်တစ်ယောက်ပျော်၇ွှင်နေမှာမဟုတ်လား။တစ်ယောက်တည်း ဖြေသူမရှိ မေးခွန်းတွေမေးပြီးအခန်းတံခါးလေးပိတ်လိုက်မိတယ် ။ တွန့်ကြေနေတဲ့ အိပ်ယာခင်းတွေကိုကြည့်မိတော့ကျွန်မမျက်ရည်တွေဆို့လာတယ် ။ တော်ပြီ တော်ပြီ ။ ကျွန်မ မငိုတော့ဘူး။တကယ်လို့များ မောင်နဲ့တစ်နေရာရာမှာဆုံဖြစ်ခဲ့ကြရင် မောင့်ကိုအရင်လိုဆက်ချစ်နေခွင့်လေးကလွဲလို့ မောင်ဆီကနေဘာမှတောင်းဆိုဖြစ်မှာမဟုတ်တော့ဘူး။ မောင့်ကြောင့်ရနေတဲ့နာကျင်ကြေကွဲနေမှုတွေကိုလည်း မောင့်ကြောင့်တစ်ချိန်ကရခဲ့ဖူးတဲ့ ပျော်ရွှင်မှုတွေနဲ့ပဲ ချေပလိုက်ပါတယ် ။ မောင့်ကိုပေးလိုက်မိတဲ့ ကျွန်မရဲ့အချစ်တွေနဲ့ ကျွန်မယုံကြည်မှုတွေအားလုံးကိုလည်
( စ )
ကျွန်မအခန်းရဲ့ စားပွဲခုံလေးပေါ်မှာ ဆေးတွေ ။ သောက်ဆေးတွေ ။ ဟုတ်သားပဲ ။ ကျွန်မဆေးသောက်ရမယ့် အချိန်တောင်ရောက်လာပြီပဲ ။ မောင့် အကြောင်းတွေးလိုက်မိတာ အချိန်တွေ တော်တော် ကုန်လွန်သွားခဲ့ပြီပဲ ။ သောက်ဆေးတွေ တင်ထားတဲ့ စားပွဲခုံလေးအနားကို ကျွန်မ အလှဆုံြး့ပုံးပြီး လျှောက်လိုက်တယ် ။ ပြီးတော့ မနက်ဖြန်ဆိုတာ ကျွန်မအတွက်ရှိနေသမျှ အနာဂတ်မှာ မောင့်ကိုသတိရနေဖို့နဲ့ ဆက်ချစ်နေဖို့အတွက် ကျွန်မကျန်းမာရေးကို ဂရုစိုက်ရဦးမယ် ။ ကျွန်မ တက်ကြွ ပျော်ရွှင်စွာ ဆေးသောက်လိုက်တယ် ။ နောက်ပြီး” မောင်တစ်ယောက် ပျော်ရွှင်နိုင်ပါစေ ”ဆိုတဲ့ မက်ဆေ့ခ်ျလေးရိုက်လိုက်တယ် ။ မောင့်ဆီကို ပို့သင့် မပိုသင့် မဆုံးဖြတ်ရဲတဲ့စိတ်တွေနဲ့။ ဖုန်းကိုကိုင်ထားတဲ့ လက်မလက်ချောင်းကလေးတွေ တွေဝေမပြတ်သားသားတဲ့စိတ်တွေနဲ့ ညနက်ထဲ အေးစက်တုန်ရီလို့ ၊ လှိုက်ခုန်မောလို့ ။ ။
စစ်ပွဲ / ကျောင်းဖွင့်ချိန်
ဘာလို့ သေနတ်သံတွေ မိုင်းကွဲ သံတွေ ကြားကြားနေရတာလဲ
အဲဒီ ဆူညံသံတွေကြားထဲမှာ သူတို့တွေရောပျော်နေကြတာလား
သားတို့မြေမှာ သစ်ပင်တွေ နည်းနည်းလာပြီး မိုင်းတွေ များများလာတယ်
သစ်ပင်တွေမစိုက်ဘဲ မိုင်းတွေ ဘာလို့ စိုက်စိုက်နေတာလဲ
ဒီနေရာလေးကနေ သားတို့အိမ်လေးကို ဘယ်တော့ပြန်နေရမှာလဲ
သားတို့ရဲ့ ဆရာမလေးရော ကျောင်းကိုပြန်လာဦးမှာလား
တခြားနေရာက ကလေးတွေက ကျောင်းတက်နေကြပြီဆို
လက်ဆောင်
မကြုံဖူးသေးတော့လည်း ခံစားမှုကရူးရတယ်
တန်ဖိုးထားတတ်သူအတွက် မြတ်နိုးမှုရနံ့တွေနဲ့
ချစ်သောသူပေးတဲ့ ပါကင်ပစ္စည်းလေး
ဖွင့်ရဲ မဖွင့်ရဲ တထင့်ထင့်
မွေးကင်းစ ကလေးနီတာရဲလေးကို
လက်ထဲ ကိုင်နေရသလိုများလား
ခံစားမှုက တထိတ်ထိတ် သွေးခုန်းနှုန်းက တဒိတ်ဒိတ်
မကြုံဖူးသေးတော့လည်း ခံစားမှုက
ရူးတယ် ။ ။
သုမင်းညို
၂၉ . သြဂုတ်လ . ၂၀၁၃ (ကြာသပတေးနေ့)
၁၉၀၀ နာရီ ၊ ရန်ကုန်မြို့ ။ ။
ရာသီဥတု / မြန်မာပြည်ရဲ့တစ်နေရာ
တစ်နေ့ပြီးတစ်နေ့ မြင်မြင်နေရတဲ့ တောတောင်ကြီးတွေလို
အလွမ်းဖျားဟာ ဒီဂရီ မြင့်သထက် မြင့်မြင့်လာတယ်
အဆက်မပြတ် ရွာနေတဲ့ မိုးတွေဟာ မင်းကို သတိရစိတ်တွေလား
မင်းကိုယ်ငွေ့ကလွဲလို့ နွေးထွေးအောင် လုပ်မပေးနိုင်တော့တဲ့
အချမ်းဓာတ်လွန်ကဲမှုတွေနဲ့ တုန်ရီ
ချစ်တဲ့စိတ်ဟာ သစ်ခွပန်းလေးလို အမြင့်ဆုံးမှာပွင့်လန်း
မင်းရယ်သံလွင်လွင်လေး မကြားနိုင်တဲ့ အဝေးမှာ ငါဟာ ဆက်သွယ်မှုဧရိယာပြင်ပ
အခုဆို ငါ့အဝေးတစ်နေရာမှာ မင်းတစ်ယောက် ဘာတွေလုပ်နေမလဲ
အနေဝေးကွာမှုမှာ အခု ကျဆင်းနေတဲ့ မြူတွေလို မင်းေ၀၀ါးသွားမှာစိုးမိတယ်
ငါ့ကို သတိရပါစေလို့တော့ ဆုတောင်းတွေ မပြုဖြစ်တော့ဘူး
ကျန်းမာရေးကိုဂရုစိုက်ပါ နေ့စဉ်မှတ်တမ်းရေးပါ
ငါပြန်လာတဲ့အခါ မင်းအတွက် သစ်ခွပန်းပင်လေး လက်ဆောင်ယူလာခဲ့မယ်
မင်းမြတ်နိုးပါ အသက်လိုတန်ဖိုးထားပါ သစ်ခွင့်ပွင့်လေးတွေကို
ကေသာဦးမှာ အမြတ်တနိုး ပန်ဆင်ပါ ယုယပါ နွေးထွေးပါ
ငါဟာ မင်းကို ချစ်တဲ့ စိတ်နဲ့ အသက်ဆက်နေရတဲ့ သစ်ခွပင်လေးတစ်ပင်ပေါ့
မြန်မာပြည်ရဲ့ တစ်နေရာမှာ ။ ။
မပျော်ဘူးလို့ဖြေမယ် ဒါပေမယ့် ပျော်နေပါတယ်
မပျော်ဘူးလို့ဖြေမယ် ဒါပေမယ့် ပျော်နေပါတယ်
ပုရိသ တစ်ယောက်ယောက်က ကျွန်မကို ဒီပတ်ဝန်းကျင် ဒီအသိုင်းအ၀န်းထဲမှာ
ပျော်နေလားလို့မေးခဲ့ရင် မပျော်ပါဘူးရှင်ရယ်ဆိုတာ ကျွန်မ ဖြေဖြေနေကျစကားပဲလေ
သိစိတ်က မပျော်ပါဘူးလို့ ဖြေလိုက်မိပေမယ့် မသိစိတ်ထဲမှာတော့ သာယာမိ ကျေနပ်မိ ပျော်နေမိတယ်
ဖယောင်းတိုင်တစ်တိုင်ဟာ အပူမီးမှာပျော်သလိုလား ရေခဲတုံး နေပူမှာပျော်သလိုလား မသိပေမယ့်
ပျော်တော့ပျော်နေတာပါပဲ ဘာလို့မပျော်လဲဆိုတဲ့ နောက်ဆက်တွဲ အဖြေက ဘ၀ဆိုတာ
ဒီလိုပါပဲတို့ ပျော်ရာမှာမနေရ တော်ရာမှာ နေရဆိုတဲ့ စကားပုံတောင်ရှိသေးတာပဲ တို့ ခပ်လွယ်လွယ်
ဖြေလိုက်တာပါပဲ မလွယ်ပဲ ခက်နေတာက ဘ၀မှာအနည်းဆုံး တစ်ခေါက်ကြုံနိုင်တယ်ဆိုတဲ့
ကံကောင်းခြင်း အခွင့်အရေး အခွင့်အလမ်းပဲ အဲဒါလေး လက်ဆုပ်ကိုင်မိတဲ့တစ်နေ့တော့
ကျွန်မဒီပတ်ဝန်းကျင်ထဲက ရုန်းထွက်ကောင်း ရုန်းထွက်ဖြစ်လိမ့်မယ်ထင်တယ် သိပ်တော့လည်း
မသေချာမှုတွေထဲက တစ်ခုခုပါပဲလေ ကျွန်မလည်း တစ်ချိန်ချိန်တော့ မိခင်စိတ်ထားပြီး သားမွေး
သာယာတဲ့အိမ်ထောင်လေးတစ်ခုတည်ထောင်ပြီး ဘ၀ကို ကြည်နူးစွာဖြတ်သန်းချင်သေးတာပေါ့လေ
ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတတ်ဘူးလို့ဆိုလိုက်ရင် ကျွန်မက အရမ်းကို ပျော့ညံ့တဲ့
စိတ်မခိုင်တဲ့ မိန်းမသားတစ်ယောက်ရဲ့ အကောင်းဆုံးဆင်ခြေများ ဖြစ်သွားမလားမသိဘူးနော်
သေချာတာကတော့ အဆင်မပြေလည်း ပြေရမယ် မပျော်လည်းအတတ်နိုင်ဆုံး ကျွမ်းကျင်စွာ
ပျော်ချင်ယောင်ဆောင်ရမယ် မရယ်ချင်လည်း ဆွဲဆောင်အားပြင်းစွာ ရယ်မော ညှို့ယူနိုင်ရမယ်
ကျွန်မရတဲ့လစာလား ကျွန်မသုံးရတဲ့နှုတ်ခမ်းနီဖိုးတို့ ၀င်လာတဲ့ ခေါ်ဆိုမှုတွေကို ပြန်အီရတာတို့
အမြဲဝတ်ရတဲ့ လိင်ဆွဲဆောင်မှုအပြင်စား အ၀တ်စားဖိုးတွေတောင် မ၇ှိပါဘူး ဒါပေမယ့် တိုးတက်
ခေတ်မီနေတယ်ဆိုတဲ့ ဂလိုဘယ်ခေတ်ကြီးဆိုတာရယ် ဂုဏ်သရေရှိတို့ မျက်နှာဖုံးစွပ်ဆိုတာတွေကိုတော့
ကျွန်မ အဝေးကြီးမှာ ချန်ထားမေ့ပြစ်လှောင်ရယ်ရဲတယ် သိလား တစ်ယောက်ယောက်ကမေးလာရင်
မပျော်ဘူးလို့ ဖြေလိုက်မယ် ဒါပေမယ့် ကျွန်မ ပျော်ပါတယ် ။ ။
သုမင်းညို
၂ ၁ . ၄ . ၂ ၀ ၁ ၁
၁ ၁း ၄ ၅ နာ ရီ
ပြင်ဦးလွင်မြို့နယ်